Homeမြန်မာသတင်း
COVID-19 တုံ့ပြန်ဆောင်ရွက်နိုင်ရန် ဓာတ်ခွဲခန်းသုံးပစ္စည်း ယန်း ၄ သိန်းဖိုး JICA ပေးအပ်
COVID-19 တုံ့ပြန်ဆောင်ရွက်နိုင်ရန် ဓာတ်ခွဲခန်းသုံးပစ္စည်း ယန်း ၄ သိန်းဖိုး JICA ပေးအပ်
DVB
·
February 26, 2020
မြန်မာနိုင်ငံ အမျိုးသားဓာတ်ခွဲခန်းရဲ့ အရေးတကြီးတောင်းဆိုချက်အရ ဓာတ်ခွဲခန်းသုံးပစ္စည်း ဂျပန်ယန်းငွေ ၄ သိန်းဖိုး လွှဲပြောင်းပေးခဲ့တယ်လို့ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က မနေ့က ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံအတွက် ကိုရိုနာဗိုင်းရပ်စ်သစ် COVID-19 နဲ့ပတ်သက်ပြီး တုံ့ပြန် ဆောင်ရွက် နိုင်ဖို့ ဓာတ်ခွဲပစ္စည်း ယန်း ၄ သိန်းဖိုးပေးဖို့ ဆုံးဖြတ်ပြီး ဖေဖော်ဝါရီ ၂၄ ရက်က ပထမ အသုတ်ကို လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက် ည ၈ နာရီအထိ စစ်ဆေးချက်တွေအရ မြန်မာနိုင်ငံမှာ လူပေါင်း ၄၀ မှာ သံသယ ဖြစ်စရာ တွေ့ရပေမယ့် အားလုံးရဲ့ ဓာတ်ခွဲအဖြေတွေအရ ရောဂါပိုးမရှိတာကို တွေ့ရတယ်လို့လည်း JICA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံမှာ COVID-19 ကူးစက်ခံဖြစ်ပွားသူ မရှိတာကို အတည်ပြုနိုင်ပေ မယ့် တကမ္ဘာလုံးမှာ အတည်ပြုလူနာတွေ တိုးလာတာကြောင့် ရောဂါနဲ့ပတ်သက်လို့ မြန်မာအစိုးရက အမြင့်ဆုံးတပ်လှန့်ထားတယ်လို့ ဆိုပါတယ်။
အစပိုင်းမှာ မြန်မာနိုင်ငံ အမျိုးသားဓာတ်ခွဲခန်းရဲ့ COVID-19 စမ်းသပ်ချက်တွေကို WHO က သတ်မှတ်ထားတဲ့ ဓာတ်ခွဲခန်းနဲ့ ယှဉ်ကြည့်ခဲ့ရပြီး ရလဒ်တွေတူနေတာကြောင့် ဖေဖော်ဝါရီ ၂၀ ရက်ကစလို့ မြန်မာနိုင်ငံရဲ့ ဓာတ်ခွဲခန်းမှာပဲ စစ်ဆေးနေပြီလို့ ဆိုပါတယ်။
မြန်မာနိုင်ငံဟာ တခြားအာဆီယံနိုင်ငံတွေနဲ့ ယှဉ်မယ်ဆိုရင် ကူးစက်ရောဂါဖြစ်နှုန်း ပိုမြင့်တာကြောင့် ကူးစက်ရောဂါတွေကိုရှာဖွေ တုံ့ပြန်ရေးစွမ်းရည်ကို ပိုမြှင့်တင်ရမယ်လို့လည်း ဆိုထားပါတယ်။
ဂျပန်အစိုးရရဲ့ ဦးဆောင်မှုနဲ့ မြန်မာအစိုးရကို COVID-19 ကာကွယ်ကုသရေးအတွက် ဆက်လက်ပံ့ပိုးသွားမယ်လို့ JICA ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။