ပြည်တွင်းစစ် ရပ်စဲရေး ဆီမီးထွန်းဆုတောင်းပွဲ မုံရွာတွင် ပြုလုပ်
Aung Ko Latt
·
February 22, 2020
ပြည်တွင်းစစ်ရပ်စဲရေးအတွက် ဆီမီးထွန်းဆုတောင်းပွဲကို စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ရွှေစည်းခုံစေတီတော် နေပူခံမြတ်စွာဘုရား ရုပ်ပွားတော်ရှေ့မှာ ဖေဖော်ဝါရီ ၂၁ ရက်နေ့ ညက ပြုလုပ်ခဲ့ကြပြီး တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေ၊ ဝါရင့်နိုင်ငံရေးသမားတွေ ၂၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။
မီးထွန်းဆုတောင်းပွဲကို သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်(မုံရွာ)နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(မုံရွာခရိုင်) တို့ ပူးပေါင်းပြုလုပ်တာပါ။
မုံရွာခရိုင် ဗကသ ဥက္ကဋ္ဌ သီဟကျော်က “လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာတဲ့ ပြည်တွင်းစစ်က ဒီနေ့အထိ ဖြစ်ပွားနေဆဲပါ။ ဒီပြည်တွင်းစစ်မီးတွေ ချုပ်ငြိမ်းဖို့ အခုလို ဆုတောင်းပွဲလုပ်တာပါ။ အထူးသဖြင့် ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲမှာဆို မူလတန်းစာသင်ကျောင်းပေါ် လက်နက်ကြီးကျည်ကျလို့ ကျောင်းသားတွေ ဒဏ်ရာရခဲ့တယ်။ ဒါက ဘယ်လိုမှ မဖြစ်သင့်ဘူး။ လက်မခံနိုင်စရာကိစ္စပါ။ စာသင်ကျောင်းက စစ်တလင်းပြင် မဟုတ်ဘူး။ ဒါကြောင့် စစ်ပွဲတွေ အမြန်ဆုံး ရပ်တန့်ဖို့ ဆုတောင်းပွဲပြုလုပ်တာပါ” လို့ ပြောပါတယ်။
ဆုတောင်းပွဲမှာ သွေးဆာနေတဲ့ စစ်ဘီလူးတွေ ကျဆုံးပါစေ၊ ပြည်တွင်းစစ်မီး အမြန်ငြှိမ်းသတ်နိုင်ပါစေ စတာတွေ ဆုတောင်းခဲ့ကြပါတယ်။
“မြန်မာပြည်ဟာ ငြိမ်းချမ်းရေး လိုအပ်နေတာ ကြာပါပြီ။ ငြိမ်းချမ်းရေးမရှိရင် စီးပွားရေး၊ ပညာရေးတိုးတက်မှုလည်း မရှိနိုင်ဘူး။ စစ်အာဏာရှင်တွေရဲ့ အာဏာရူးလို့ ဖြစ်ခဲ့ရတဲ့ ပြည်တွင်းစစ်ကြီး အမြန်ဆုံးရပ်မှသာ တိုးတက်ရေးတွေကို ကြံဆောင်နိုင်မှာပါ" လို့ မုံရွာ မှိုင်းကွန်ရက်အဖွဲ့ဝင်တဦးက ပြောပါတယ်။
ဒီဆုတောင်းပွဲမှာ PEACE စာတမ်းကို ဆီမီးခွက်တွေနဲ့ ပုံဖော်ခဲ့ကြပြီး ကျည်ဆန်တွေအစား ပန်းများ ပွင့်ပါစေ၊ မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ၊ တနိုင်ငံလုံးစစ်ပွဲရပ်၊ No Civil War စတဲ့ စာသားတွေ ရေးထားတဲ့ ပိုစတာတွေကိုလည်း ကိုင်ဆောင်ခဲ့ကြပါတယ်။ အခုလို ဆုတောင်းပွဲတွေကို နောက်နေ့တွေမှာလည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။