Homeမြန်မာသတင်း
စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့်မရသည့်ကိစ္စ ယှဉ်ပြိုင်မှုကော်မရှင်ထံ တိုင်ကြားမှုများပြား
စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့်မရသည့်ကိစ္စ ယှဉ်ပြိုင်မှုကော်မရှင်ထံ တိုင်ကြားမှုများပြား
DVB
·
February 19, 2020
မြန်မာပြည်တွင်းမှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့်မရရှိမှုနဲ့ပတ်သက်ပြီး ယှဉ်ပြိုင်မှုကော်မရှင်ကို တိုင်ကြားမှုများတယ်လို့ ကော်မရှင်ထံက သိရပါတယ်။
ယှဉ်ပြိုင်မှုကော်မရှင်က စျေးကွက်အတွင်းမှာ လက်ဝါးကြီးအုပ်ချုပ်ကိုင်တာတွေ၊ စျေးနှုန်း ထိန်းချုပ်တာတွေနဲ့ ပတ်သက်လို့ တိုင်ကြားလာခဲ့ရင် မျှတမှုရှိအောင် စုံစမ်းစစ်ဆေးပြီး အရေးယူ ဆောင်ရွက်တာတွေ ပြုလုပ်ပေးနေတာပါ။
ကော်မရှင်ရဲ့ သတ်တမ်း သုံးနှစ်အတွင်းမှာ တိုင်ကြားလာတဲ့အမှု ၁၆ မှုကို ကိုင်တွယ်ဖြေရှင်း ပေးနေတာဖြစ်ပြီးတော့ အများဆုံးတိုင်ကြားလာမှုကတော့ လုပ်ငန်းလုပ်ကိုင်ခွင့် ချထားပေးခွင့်ရှိတဲ့ အစိုးရ၊ လွှတ်တော်၊ ကော်မတီတွေနဲ့ အထွေထွေအုပ်ချုပ်ရေးအဖွဲ့တွေကို စီးပွားရေး လုပ်ငန်းလုပ်ကိုင်ခွင့် မရရှိတာနဲ့ ပတ်သက်လို့ တိုင်ကြားတာလို့ ယှဉ်ပြိုင်မှုကော်မရှင် ဒုဥက္ကဋ္ဌ ဦးသန်းမောင် (စစ်တွေ)က ပြောပါတယ်။
လက်ရှိမှာက ကော်မရှင်ကို တိုင်ကြားလာမှုတွေထဲမှာ ၅မှုကတော့ ဖြေရှင်းဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ဒီထဲမှာ စုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးရတဲ့ အမှု ၂ မှု ပါဝင်တယ်လို့သိရပါတယ်။
ဒါ့အပြင် ကော်မရှင်ကို တိုင်ကြားလာမှုတွေထဲမှာ တပ်မတော်နဲ့ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းတွေအပေါ် တိုင်ကြားလာမှုက မရှိသေးဘူးလို့ကော်မရှင်ကဆိုပါတယ်။
စျေးကွက်အတွင်းမှာ မျှတတဲ့ ယှဉ်ပြိုင်မှုတရပ် ဖြစ်ပေါ်စေဖို့အတွက် အရင်အစိုးရလက်ထက် ၂၀၁၇ ခုနှစ်မှာ ယှဉ်ပြိုင်မှုဥပဒေတစ်ရပ်ကို အတည်ပြုပြဠာန်းခဲ့တာပါ။ ကော်မရှင်ကိုတော့ ၂၀၁၈ခုနှစ်အောက်တိုဘာ လမှာ စတင်ဖွဲ့စည်းခဲ့တာပါ။
စိုးချစ်ချစ်ပိုင်