Home
မြန်မာသတင်း
ကိုးကန့်ဒေသတွင် လုပ်ငန်းများ ပြန်လည်စတင်ရန် MNDAA အသိပေး
DVB
·
February 4, 2024
Laut Kai_04022024

ကိုးကန့်ဒေသက လုပ်ငန်းပိုင်ဆိုင်မှုတွေကို စစ်ဆေးသွားမှာဖြစ်ပြီး ပြန်လည်ပတ်ဖို့ လိုအပ်တဲ့ အချက်တွေကို ကိုးကန့်တပ်မတော် MNDAA က အသိပေး ထုတ်ပြန်လိုက်ပါတယ်။

ကုမ္ပဏီတွေ၊ စတိုးတွေနဲ့ ဟိုတယ်ပိုင်ဆိုင်သူတွေအနေနဲ့ စစ်ပွဲပြီးနောက် ဒေသတွင်းက လုပ်ငန်းနဲ့ ထုတ်လုပ်မှုတွေ မြန်မြန် ပြန်လည်လည်ပတ်နိုင်‌ဖို့အတွက် တရားဝင်လုပ်ငန်း ဖြစ်ဖို့လိုကြောင်း ဖေဖော်ဝါရီ ၂ ရက်နေ့က ထုတ်ပြန်လိုက်တာပါ။

အထူးဒေသ ၁ ပိုင် စည်းစိမ်ဥစ္စာတွေကို မိမိပိုင်အဖြစ်သတ်မှတ်တာ၊ ငှာရမ်းရောင်းချတာ၊ တရားမဝင်ပစ္စည်းတွေကို အခွင့်ကောင်းယူပြီးအသုံးချတာ၊ မိမိပိုင်အဖြစ် အယောင်ဆောင်တာ ဒါမှမဟုတ် ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းလည်ပတ်တာ စတဲ့ လုပ်ရပ်‌တွေကို တားမြစ်ကာကွယ်ဖို့ အထူးဒေသအုပ်ချုပ်ရေးအဖွဲ့ရဲ့ သက်ဆိုင်ရာဌာနက ဒေသတွင်းက တရားဝင်ပိုင်ဆိုင်မှုတွေကို စုံစမ်းစစ်ဆေးသွားမယ်လို့ ထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။

MNDAA စစ်သား တယောက်က “ကျနော်တို့ MNDAA စစ်သား‌‌တွေကို သူများဟာဖြစ်ဖြစ်၊ အများပိုင်ဖြစ်ဖြစ် ဘာပစ္စည်းမှ ယူခွင့်မပြုဘူး။ ယူလို့မရဘူး။ သိမ်းဆည်းရရှိတဲ့ပစ္စည်းတွေ၊ အများပိုင်ပစ္စည်းတွေလည်း လုံးဝ ယူလို့မရဘူး။ အများနဲ့ဆိုင်တဲ့နေရာ ပြန်သုံးမယ်လို့ ပြောတယ်” လို့ ပြောပါတယ်။

လုပ်ငန်းပိုင်ရှင် ဒါမှမဟုတ် တရားဝင်ကိုယ်စားလှယ်တွေအနေနဲ့ တရားဝင် ထောက်ခံချက်တွေ၊  လုပ်ငန်းလိုင်စင်၊  တခြားထောက်ခံချက်တွေပါ ယူဆောင်လာပြီး အထူးဒေသ ဈေးကွက်နဲ့ ကုန်သွယ်ရေး ကြီးကြပ်ရေးရုံးကို သွားရောက်တင်ပြ လျှောက်ထားရမယ်လို့ ဆိုပါတယ်။

တရားဝင်ထောက်ခံချက် မပြနိုင်သူတွေအနေနဲ့ လောက်ကိုင်မှာ အမြဲတမ်းနေထိုင်ပြီး အကျိုးအမြတ် ဆက်စပ်မှု လုံးဝမရှိတဲ့ အာမခံသူ ၂ ယောက်ရဲ့ ထောက်ခံချက် လိုအပ်တယ်လို့လည်း ဆိုပါတယ်။

လောက်ကိုင်ဒေသခံ မဟုတ်ဘဲ တခြားနေရာကနေ လောက်ကိုင်ကို လာလိုသူ‌ ဗမာလူမျိုးတွေအနေနဲ့ တိုင်းသားလူမျိုး အဖော်ခေါ်လာသင့်တယ်လို့ လောက်ကိုင်မှာ ပစ္စည်း သွားရောက်ယူဆောင်ခဲ့သူ တယောက်က ပြောပါတယ်။

ဒေသမလွတ်မြောက်ခင်က ကိုးကန့်ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်အဖွဲ့တွေနဲ့ စီးပွားရေးဆိုင်ရာ စာချုပ် ချုပ်ဆိုထားသူတွေအနေနဲ့  အထူးဒေသ ၁ ဘဏ္ဍာရေးဌာန၊ ဈေးကွက်နဲ့ ကုန်သွယ်ရေး ကြီးကြပ်ရေးရုံးမှာ သက်ဆိုင်ရာလက်မှတ်စာချုပ်‌တွေကို ပြန်လည်လျှောက်ထားပြီးမှ လုပ်ငန်းလည်ပတ်နိုင်မယ်လို့လည်း ထုတ်ပြန်စာမှာ  ဖော်ပြထားပါတယ်။

တယောက်တည်း လုပ်ကိုင်ရတဲ့လုပ်ငန်းနဲ့ စတိုးဆိုင်ငယ်တွေက လုပ်ငန်းအရင် လည်ပတ်ပြီးမှ ထောက်ခံချက်တွေ လုပ်လို့လည်းရကြောင်း၊ လုပ်ငန်း မြန်မြန်လည်ပတ်လိုသူတွေကတော့ ဈေးကွက်နဲ့ ကုန်သွယ်ရေး ကြီးကြပ်ရေးရုံးကို လာရောက်စုံစမ်းပြီး ခွင့်ပြုချက် လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

ပိုင်ဆိုင်မှု‌ အငြင်းပွားတာတွေ ရှိရင်တော့ အသိအမှတ်ပြုချိန် အာမခံပေးမယ့် ဒေသခံ အရပ်သား ၂ ယောက် ခေါ်လာဖို့၊ အသိအမှတ်ပြုပြီးရင် အထူးဒေသ ဈေးကွက်နဲ့ ကုန်သွယ်ရေးကြီးကြပ်ရေးရုံးကနေ တရားဝင် လုပ်ငန်းလိုင်စင်ထုတ်ပေးပြီး လုပ်ငန်းလည်ပတ်တာ၊ ငှားရမ်းတာနဲ့ ရောင်းချတာတွေကို ပြုလုပ်နိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024