ပန်းတနော်မြို့နယ်တွင် မီးလောင်မှုကြောင့် နေအိမ် ၇ လုံးပျက်စီးဆုံးရှုံး
DVB
·
February 18, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ဘုရားကြီးထောင့်ကျေးရွာမှာ ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ်ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင့် နေအိမ် ၇ လုံးပျက်စီးဆုံးရှုံးကာ ဒေသခံပြည်သူ ၂၄ ဦး မီးဘေးသင့်ခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဘုရားကြီးထောင့်ကျေးရွာမှာနေထိုင်တဲ့ ဦးမောင်ပုရဲ့ နေအိမ်မီးဖိုချောင်ကနေ နေ့လည် ၁ နာရီအချိန်မှာ စတင်မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး နာရီဝက်နီးပါးမီးလောင်ကျွမ်းခဲ့လို့ နေအိမ် ၇ လုံးပျက်စီးဆုံးရှုံးခဲ့တယ်လို့ ပန်းတနော်မြို့နယ်မီးသတ်ဦးစီးဌာနက တာဝန်ရှိသူကပြောပါတယ်။
ပန်းတနော်မြို့နယ်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ဦးက "မီးကြွင်းမီးကျန်ကနေ စလောင်တာ၊ မီးလောင်ချိန်က နာရီဝက်နီးပါးရှိမယ်၊ အားလုံးတော့ နေအိမ် ၇ လုံးလောက် မီးလောင်ကျွမ်းသွားတယ်၊ အားနည်းချက်ကတော့ မီးဖိုတွေ အောက်မချလို့ ခုလိုဖြစ်တာ" လို့ ပြောပါတယ်။
မီးလောင်ကျွမ်းရာနေရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနက မီးသတ်ယာဉ်တွေ မီးသတ်တပ်ဖွဲ့ဝင် တွေ ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး ဒေသခံတွေပါ ဝိုင်းမီးငြှိမ်းသတ်ပေးခဲ့ကြပါတယ်။
နေအိမ် ၇ လုံး ပျက်စီးဆုံးခဲ့ရတာကြောင့် မီးဘေးသင့်ခဲ့ကြတဲ့ အိမ်ထောင်စု ၇ စု လူဦးရေ ၂၄ ဦးကို ရွှေဇင်အေးကျောင်းတိုက် ဆရာတော်ကြီးက ယာယီကူညီစောင့်ရှောက်ပေးထားပါတယ်။
မီးစတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ်ပိုင်ရှင်ဖြစ်သူ ဦးမောင်ပုကို အင်းမနယ်မြေရဲစခန်းမှာ (ပ) ၃၈/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့ထံက သိရပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက်ကလည်း ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ကျုံကူးကျေးရွာမှာ မီးဖိုချောင်ကတဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ပြီး နေအိမ် ၁၂ လုံး မီးလောင်ဆုံးရှုံးခဲ့ကာ လူဦးရေ ၅၀ လောက် မီးဘေးသင့်ခဲ့ရပါသေးတယ်။
သတင်း-မင်းထက်မုန်း (ပုသိမ်)