ပဲခူးတိုင်းအတွင်းရှိ ချင်းတိုင်းရင်းသားများ၏စာရင်း ပြန်လည်ကောက်ယူနေ
မင်းညို
·
February 17, 2020
ပဲခူးတိုင်းအတွင်းနေထိုင်ကြတဲ့ ချင်းတိုင်းရင်းသားတွေရဲ့မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း နာမည်တွေမှာ ဆလိုင်းနဲ့ မိုင် မပါတာတွေကို ပြန်လည်စာရင်းကောက်ယူနေပါတယ်။
ပဲခူးတိုင်းထဲမှာ အရှိုချင်းအများစုနဲ့ တောင်ပေါ်ချင်းတိုင်းရင်းသားတွေ နေထိုင်ကြပြီး သူတို့ရဲ့နာမည်အစတွေမှာ ဆလိုင်းနဲ့ မိုင်တွေနဲ့ အစပြုရာမှာဖြစ်ပေမယ့် သူတို့မှတ်ပုံတင်တွေနဲ့ အိမ်ထောင်စုစာရင်းတွေမှာ မိုင်နဲ့ ဆလိုင်း မပါတာတွေကို တွေ့ရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ချင်းတိုင်းရင်းသားစာရင်းကောက်ယူရာမှာ လဝက စာရင်းနဲ့ကောက်ယူကြတာကြောင့် အမှန်တကယ်ရှိတဲ့ စာရင်းထပ်လျော့နည်းသွားတာကို တွေ့ရပြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီးတနေရာပါ ဆုံးရှုံးခဲ့ရတယ်လို့ ပဲခူတိုင်း အရှိုချင်း စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဆလိုင်းအေးထွန်းပိုင်က ပြောပါတယ်။
သူတို့ အဲဒီစာရင်းတွေကောက်ယူရာမှာ ရန်ပုံငွေမရှိတာတွေ၊ ချင်းတိုင်းရင်းသားတွေ ကိုယ်တိုင်က စားဝတ်နေရေးကြောင့် အချိန်မပေးနိုင်တွေကြောင့် အခက်အခဲနဲ့ ကြန့်ကြာတာတွေ ရှိနေတယ်လို့ ပေါက်ခေါင်းမြို့နယ် အရှိုချင်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဆလိုင်းစိန်မြင့်ကြိုင် ကလည်း ပြောပါတယ်။
ပဲခူးတိုင်းထဲမှာ လူဦးရေ သိန်း ၅၀ ကျော်ရှိပြီး အဲဒီကနေ တိုင်းရင်းသားဦးရေ ၅၀၀၀၀ ကျော်ပြည့်ရင် တိုင်းရင်းသားရေးရာဝန်ကြီး တနေရာရရှိမှာဖြစ်ပါတယ်။
ပဲခူးတိုင်းအတွင်းရှိ ချင်းတိုင်းရင်းသားတွေကို အတိအကျစာရင်း လုပ်ချင်တဲ့အတွက် သက်ဆိုင်ရာ ထွေအုပ်နဲ့ မြို့နယ် လဝက အသီးသီးကို အကူအညီပေးဖို့စာထွက်ထားတယ်လို့ ပဲခူးတိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးထွန်းထွန်းဦးက ရှင်းပြပါတယ်။
ပဲခူးတိုင်းထဲမှာ အရှိုချင်းတွေက ပေါက်ခေါင်းမြို့နယ်ထဲမှာ ၃၃ ရွာ၊ ပန်းတောင်းမြို့နယ်မှာ ၅၃ ရွာ၊ ပြည်မြို့နယ်ထဲမှာ ၆ ရွာနဲ့ ၂ ရပ်ကွက်၊ ပေါင်းတည်မြို့နယ်ထဲမှာ ၁ ရွာ၊ ဇီးကုန်းမြို့နယ်ထဲမှာ ၂ ရွာ၊ အုပ်ဖို့မြို့နယ်မှာ ၆ ရွာ၊ ဒိုက်ဦးမြို့နယ်မှာ ၄ ရွာ၊ ကျောက်တံခါးမြို့နယ်မှာ ၃ ရွာနဲ့ အုပ်တွင်းမှာ ၁ ရွာ ချင်းတိုင်းရင်းသားတွေ ပျံ့နှံ့နေထိုင်ပါတယ်။