Homeမြန်မာသတင်း
စေတီပုထိုးတည်ထားကိုးကွယ်ရာတွင် ရင်သပ်ရှုမောဖွယ်၊ ကြည်ညိုသပ္ပာယ်ဖွယ်ဖြစ်အောင် တည်ဆောက်ရန် ကာချုပ်တိုက်တွန်း
စေတီပုထိုးတည်ထားကိုးကွယ်ရာတွင် ရင်သပ်ရှုမောဖွယ်၊ ကြည်ညိုသပ္ပာယ်ဖွယ်ဖြစ်အောင် တည်ဆောက်ရန် ကာချုပ်တိုက်တွန်း
DVB
·
February 17, 2020
ထေရဝါရဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် စေတီပုထိုးတွေ တည်ထားကိုးကွယ်ရာမှာ ဘုရားဖူးလာသူတွေ ရင်သပ်ရှုမောဖွယ်၊ ကြည်ညိုသပ္ပာယ်ဖွယ်ဖြစ်အောင် တည်ဆောက်ဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်နဲ့အဖွဲ့ဟာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့၊ ကလောမြို့နယ်၊ ဘော်ဆိုင်းကျေးရွာအုပ်စုကိုသွားရောက်ခဲ့ပြီး အနန္တဇိနသမ္ဗုဒ္ဓေစေတီတော်မြတ်ကြီး တည်ထားကိုးကွယ်ဖို့ တည်ဆောက်ပူဇော်နေတာကို သွားရောက် ဖူးမြော်ကြည့်ရှုစဉ် ပြောကြားခဲ့တာလို့ တပ်မတော် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က “ထေရဝါရဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် စေတီပုထိုးများကို တည်ထားကိုးကွယ်ရာတွင် ဘုရားဖူးလာသူများ ရင်သပ် ရှုမောဖွယ်၊ ကြည်ညိုသပ္ပာယ်ဖွယ်ဖြစ်အောင် ဘာသာရေးအရ၊ ယဉ်ကျေးမှုအရ၊ မြန်မာ့ထုံးတမ်းစဉ်လာအနုပညာလက်ရာများနှင့်အညီ တည်ဆောက် သင့်ပါကြောင်း၊ စေတီတော်ကြီးကို ရွာငံဒေသ၏အထိမ်းအမှတ် (Local Landmark)ဖြစ်အောင် လက်ရာ ကောင်းမွန်စွာဖြင့် အချိန်ယူ တည်ဆောက်ရမည်ဖြစ်ကြောင်းနှင့် တပ်မတော်မှ လည်းလို အပ်သည်များကို ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း” လျှောက်ထားခဲ့တယ်လို့ တပ်မတော် သတင်းမှာ ဖော်ပြပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့အဖွဲ့ဝင်ဟာ ရွာငံမြို့ရှိ ကော်ဖီ သုတေသန စိုက်ပျိုးရေးခြံမှာ ကော်ဖီစိုက်တောင်သူတွေ၊ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံခဲ့သလို ကလောမြို့နယ်၊ ဘော်ဆိုင်း ကျေးရွာအုပ်စုရှိ မြတ်ဆရာခန်းမ ဒေသခံပြည်သူတွေကိုလည်း သီးခြားစီတွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးဆိုင်ရာတွေ ဆွေးနွေးပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ-CINCDS