ဧရာဝတီတိုင်း မအူပင်မြို့နယ်မှာ ဒီနေ့ ညနေ လေးနာရီကျော်ကနေ ခြောက်နာရီဝန်းကျင်အထိ ငလျင်လေးကြိမ်လှုပ်ခဲ့တာကြောင့် သီလရှင်တပါးနဲ့အမျိုးသမီးတယောက် သေဆုံပြီး စေတီပုထိုး၊ တရားရုံး နဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ညနေ လေးနာရီ ၂၀ မိနစ်က စတင် ငလျင်လှုပ်ခဲ့ရာ မိနစ်အနည်းငယ်ကြာပြီး ၅ နာရီ နာရီမှစတင်ကာ သုံးကြိမ် ထပ်မံလှုပ်ခဲ့တယ်လို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
"လေးနာရီ နှစ်ဆယ်မှာ လှုပ်တဲ့ငလျင်က အတော်လေးကြာတယ်၊ ထိခိုက်ပျက်စီးမှုတွေရှိတယ်။ အချို့အိမ်တွေဆို အုတ်နံရံတွေအက်သွားတယ်၊ စတိုးဆိုင်က အလှကုန်ပစွည်းတွေဆို မှောက်ကျကုန်တယ်၊ ဆရာလေးတပါးနဲ့အမျိုးသမီးတယောက် သေတယ်။"
အဲဒီ ငလျင်ကြောင့် မအူပင်မြို့နယ်၊ ရွှေဘုန်းမြင့်ဘုရားနားက မိုးကုတ်တရားရိပ်သာမှာ အဆောက်အအုံတချို့ ပြိုကျပြီး သီလရှင်တပါးနဲ့ လမ်းလျှောက်နေတဲ့ အမျိုးသမီးတယောက် ပိမိသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ရွှေဘုန်းမြင့်စေတီရဲ့ ထီးတော်ဟာ ပထမအကြိမ်လှုပ်တုန်းက ယိုင်နဲ့သွားပြီး နောက်ဆက်တွဲငလျင်တွေကြောင့် စိန်ဖူးတော်လည်း မြေခခဲ့တယ်လို့ ဆိုပါတယ်။
ငလျင်လှုပ်ခတ်မှုကြောင့် ပေါ်တော်မူဘုရား၊ ရွှေဘုန်းမြင့်ဘုရား၊ ဘွဲ့နှင်းသဘင်ခန်းမ၊ မအူပင်တရားရုံး၊ မိုးကုတ်ဝိပသာနာကျောင်းနဲ့လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"လက်တလောရရှိထားတဲ့ စာရင်းတွေအရ ပျက်စီးမှုတွေပါ ရပ်ကွက်နဲ့ကျေးရွာတွေကိုလည်း စာရင်းကောက်ခိုင်းထားတယ်။"
ဒီနေ့ ညန ၄ နာရီ၊ ၂၃ မိနစ်၊ ၅၁ စက္ကန့်အချိန်မှာ ကမ္ဘာအေးမြေငလျင်စခန်း အနောက်-အနောက်မြောက်ဘက် ၃၃ မိုင်ခန့်အကွာ၊ ညောင်တုန်းမြို့ တောင်-အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး၊ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။
အဆိုပါ ငလျင်ဟာ ညောင်တုန်းမြို့၊ မအူပင်မြို့နဲ့ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့မှာ သိသာစွာခံစားခဲ့ရပါတယ်။