နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများ ပေကျင်းရှိ မြန်မာသံရုံးကို ဆက်သွယ်နိုင်
DVB
·
February 12, 2020
တရုတ်နိုင်ငံရှိ နေရပ်ပြန်လိုတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ သံရုံးကိုဆက်သွယ်ကြဖို့ ပေကျင်းမြို့မှာရှိတဲ့ မြန်မာသံရုံးက ကြေညာထားပါတယ်။
လိုအပ်ရင် ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးမှာဖြစ်သလို အစားအသောက်တွေ အခက်အခဲရှိရင်လည်း သံရုံးကို ဆက်သွယ်အကူအညီတောင်းခံနိုင်တယ်လို့ ဆိုပါတယ်။
ပေကျင်းမြန်မာသံရုံးက ကောင်စစ်အရာရှိ ဦးစိုးပြည့်ဝင်းကတော့ တရုတ်ပြည်ထဲမှာ တရားမဝင် ရောက်နေတာတွေလည်း ရှိနိုင်တာကြောင့် ကိုယ်တိုင်ဆက်သွယ်လာမှပဲ သံရုံးက ကူညီနိုင်မယ် လို့ ပြောပါတယ်။
နေရပ်ပြန်လိုတဲ့ မြန်မာတွေအနေနဲ့ မိမိတို့နေထိုင်တဲ့ ပြည်နယ်၊ ပြည်နယ်ခွဲ၊ စီရင်စု၊ မြို့နယ်နဲ့ ကျေးရွာအုပ်စုတို့ပါတဲ့ နေရပ်လိပ်စာအပြည့်အစုံနဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ Wechat နံပါတ်တို့ကို အတိအကျဖော်ပြပြီး သံရုံးကို ပို့ပေးရမှာ ဖြစ်ပါတယ်။
ပြန်လည်ခေါ်ဆောင်ရေးအစီအစဉ်ကိုလည်း တရုတ်နိုင်ငံ အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး မိမိနိုင်ငံသားတွေ ပြန်လည်ခေါ်ဆောင်နိုင်ဖို့ ဆောင်ရွက်ထားတာလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာနဲ့ ဥပဒေရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဇံက ပြောပါတယ်။
လက်ရှိတရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုနှုန်းမြင့်တက်နေတဲ့ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့မှာပဲ အစားသောက်ရောင်းချတဲ့ဆိုင်တွေ၊ လက်လီဆိုင်တွေ၊ စတိုးဆိုင်တွေ၊ ကုန်တိုက် တွေပိတ်ထားပြီး တခြားမြို့တွေမှာ ဖွင့်လှစ်ထားကာ အစားအသောက်နဲ့ ပတ်သက်လို့ အခက်အခဲရှိရင်လည်း နေရပ်လိပ်စာအပြည့်အစုံနဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တို့နဲ့အတူ ပေကျင်း မြန်မာသံရုံးကို ဆက်သွယ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဆက်သွယ်ရမယ့်ဖုန်းကတော့ ပေကျင်းမြို့၊ မြန်မာသံရုံး - +၈၆ ၀၁၀ ၆၅၃ ၂၄ ၅၅၄ ဖြစ်ပါတယ်။
ယူနန်ပြည်နယ်၊ စီချွမ်ပြည်နယ်၊ ကွေ့ကျိုးပြည်နယ်နဲ့ ချုံချင်းမြို့ မြူနီစပါယ်အုပ်ချုပ်ရေးဒေသတို့မှာ ရောက်နေသူတွေအနေနဲ့ ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး - +၈၆ ၈၇၁ ၆၈၁ ၆၂၈ ၁၄၊ +၈၆ ၁၇၆ ၈၇၀ ၀၁၈ ၇၄ ကို ဆက်သွယ်ရမှာပါ။
ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၊ ဟူနန်ပြည်နယ်နဲ့ ကွမ်တုန်းပြည်နယ်တို့မှာ ရောက်နေသူတွေ အနေနဲ့ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး - +၈၆ ၇၇၁၅ ၆၇၂ ၈၄၅၊ +၈၆ ၁၈၅၇၇၁ ၄၅၉ ၃၉ ကို ဆက်သွယ်ပေးကြဖို့ သံရုံးက ကြေညာထားပါတယ်။
ဇာခြည်