ဗုံးသီးကို နွားကျောင်းသားက ဓားဖြင့်ခုတ်ရာမှ ပေါက်ကွဲမှုဖြစ်၍ ပြင်းထန်ဒဏ်ရာရ
DVB
·
February 11, 2020
မကွေးတိုင်း၊ မင်းလှမြို့နယ် သပြေတောကျေးရွာတောင်ဘက် ၃ မိုင်ခန့်ရှိ မလွန် စက်ပစ်ကွင်းဧရိယာအတွင်းမှာတွေ့ရှိတဲ့ ဗုံးသီးတလုံးကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေပိုင်းမှာ နွားကျောင်းသားတယောက်က ဓာမနဲ့ခုတ်တာကြောင့် ပေါက်ကွဲမှုဖြစ်ပွားပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
မင်းလှမြို့နယ်ရဲတပ်ဖွဲ့ ဒုမြို့နယ်ရံမှူး ဒုရဲမှူးကြည်စိုးက “ဟုတ်ပါတယ်၊ ဖြစ်စဉ်အမှန်ဖြစ်ပွား ခဲ့တာပါ။ ဇော်လတ်ဆိုသူက ဗုံးသီးကို ပါလာတဲ့ ဓားမနဲ့ထုလို့ ပေါက်ကွဲပြီး သူရဲ့ခန္ဓာကိုယ် ဝဲဘက်ရင်အုံပျောက်ပြဲဒဏ်ရာ၊ ဝဲလက်ကောက် ဝတ်(ပြတ်လုနီး) ဒဏ်ရာ၊ ယာဘက်ခြေညှိး/ခြေခလယ်ပြတ်ဒဏ်ရာ၊ ဝဲယာခြေ ၂ ဖက်ပေါက်ပြဲ ဒဏ်ရာ(စိုးရိမ်ရ)တွေ ရရှိခဲ့ပြီး မကွေးတိုင်းပြည်သူ့ ဆေးရုံကြီးကို ပိုဆောင်ကုပေးတယ်” လို့ ပြောပါတယ်။
အဆိုပါစက်ပစ်ကွင်းဧရိယာနယ်မြေကို ဖေဖော်ရီ ၆ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ နယ်မြေရှင်းလင်းရေး ဧရိယာနယ်မြေအဖြစ် သတ်မှတ်ထားပြီး အနီးပတ်ဝန်းကျင် ကျေးရွာတွေကို အသိပေးထားတယ်လို့ သိရပါတယ်။
တင်ရွှေ(မင်းဘူး)