Homeမြန်မာသတင်း
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း တရုတ်နိုင်ငံသားများ ထပ်မံမဝင်လာရေး တံခါးပိတ် ဆွေးနွေး
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း တရုတ်နိုင်ငံသားများ ထပ်မံမဝင်လာရေး တံခါးပိတ် ဆွေးနွေး
Aung Ko Latt
·
February 1, 2020
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မဖြစ်စေရေးအတွက် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း တရုတ်နိုင်ငံသားတွေ ထပ်မံမဝင်ရောက်လာဖို့ ကုမ္ပဏီ တာဝန်ရှိသူတွေနဲ့ အစိုးရတာဝန်ရှိသူတွေ၊ ဒေသခံတွေ ဒီနေ့ တံခါးပိတ် ဆွေးနွေးခဲ့ကြပြီး အချက် ၂ ချက် သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၃၁ ရက်နေ့က တရုတ်နိုင်ငံသားတဦး ဝင်ရောက်လာတာနဲ့ပတ်သက်လို့ စီနိုဟိုက်ဒရိုကုမ္ပဏီက မြန်မာအလုပ်သမားတွေ အလုပ်မဆင်းဘဲ တရုတ်နိုင်ငံသားကို ကျန်းမာရေး စစ်ဆေးပေးရေး၊ သီးသန့်ခွဲထားရေးတွေ အပါအဝင် အချက်အလက်တချို့ တောင်းဆိုခဲ့ကြပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က လုံ/နယ်ဝန်ကြီး၊ လဝကဝန်ကြီး၊ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဝမ်ပေါင်၊ ဦးပိုင်တို့က တာဝန်ရှိသူတွေက ဝမ်ပေါင်ကုမ္ပဏီ အစည်းအဝေးခန်းမမှာ ၃ နာရီလောက်အကြာ တံခါးပိတ်ဆွေးနွေးခဲ့ပြီး အချက် ၂ ချက် သဘောတူညီချက် ရရှိခဲ့တယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့သူ ဆားလင်းကြီးမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးစောမောင်က ပြောပါတယ်။
“မနေ့က ဝင်လာတဲ့ တရုတ်နိုင်ငံသားကို ယန်စီကုမ္ပဏီအတွင်းက လူမနေတဲ့ အိမ်တလုံးမှာ ယန်စီဆေးရုံဆရာဝန်တွေ အနီးကပ်စောင့်ကြည့်ပြီး စိတ်ချရတဲ့အထိ သီးသန့်ထားမယ်။ နောက်ထပ် တရုတ်နိုင်ငံသားတွေ ဒီစီမံကိန်းအတွင်းကို ရောဂါအခြေအနေ ကင်းရှင်းတဲ့အထိ ဝင်ရောက်မလာရေး ဒီအချက် ၂ ချက် သဘောတူညီမှု ရရှိခဲ့ပါတယ်။”
မနေ့ကဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စီနိုဟိုက်ဒရိုကုမ္ပဏီမှာ ဒုတိယမန်နေဂျာ တဦးဖြစ်တယ်လို့ သိရပါတယ်။
လတ်တလောမှာတော့ တရုတ်နိုင်ငံသားတွေကို လူဝင်မှုကြီးကြပ်ရေးကလည်း စစ်ဆေးဖို့ လုပ်ဆောင်နေပြီး အလုပ်မဆင်းတဲ့ မြန်မာအလုပ်သမားတွေကလည်း အလုပ်ပြန်ဆင်းမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့လ ဇန်နဝါရီ ၂၉ ရက်နေ့ကလည်း ယန်စီကုမ္ပဏီကို တရုတ်နိုင်ငံသား ၂၅ ဦး ဝင်ရောက်ခဲ့တဲ့အတွက်လည်း သက်ဆိုင်ရာက သွားရောက်စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါသေးတယ်။
လတ်တလောမှာတော့ စစ်ကိုင်းတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ မတွေ့ရှိရသေးဘူးလို့ သိရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံပေါင်း ၂၆ နိုင်ငံမှာ ကူးစက်ခံရသူ ၁၂၀၀၀ ကျော်နဲ့ သေဆုံးသူ ၂၅၉ ဦးထိ ရှိပြီလို့ သိရပါတယ်။ မြန်မာနိုင်ငံမှာလည်း သံသယလူနာတချို့ တွေ့ရှိရပြီး စောင့်ကြပ်စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။