ကလေးဝ-တမူးလမ်းရှိ တံတားများ ပြုပြင်ရန် အိန္ဒိယက ဒေါ်လာ ၁ သန်း ထောက်ပံ့မည်
DVB
·
February 1, 2020
တံတားကြမ်းခင်းတွေ ပျက်စီးနေတဲ့ ကလေးဝ၊ ကျီကုန်း၊ တမူးလမ်းပေါ်ရှိ ဘေလီတံတား ၆၉ စင်း ပြုပြင်ဖို့ အိန္ဒိယအစိုးရက အမေရိကန်ဒေါ်လာ ၁ သန်း ထောက်ပံ့ကူညီသွားမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဘက်က မိုးရာသီအမီ ကွန်ကရစ်တံတားအသစ်တွေ မဆောက်နိုင်သေးချိန်မှာ ပျက်စီးနေတဲ့ တံတားကြမ်းခင်းတွေကို ပြုပြင်သွားမှာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ အထောက်အပံ့နဲ့ ဆောင်ရွက်နေတာဖြစ်လို့ ငွေကြေးလွှဲပြောင်း ဆောင်ရွက်နိုင်ရေးမှာ လုပ်ထုံးလုပ်နည်းအရ အချိန်ကြာမြင့်မှုတွေ ရှိနေတဲ့အတွက် မိုးရာသီမတိုင်ခင် အမြန်ဆုံး ဆောင်ရွက်ပေးဖို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီးဦ းကျော်လင်းကို တင်ပြခဲ့ကြောင်း ပြည်သူလွတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်းက ပြောပါတယ်။
တမူး-မုံရွာ-မန္တလေး-ရန်ကုန် ပြေးဆွဲနေတဲ့ တင်တိုင်းအောင် ကားအသင်းမှ ကားပိုင်ရှင်တဦးက “၂၀၁၉ မှာ လမ်းတံတား လုံးဝပျက်စီးလို့ ကားမသွားရတာမျိုး မရှိပါဘူး။ တံတားကြမ်းခင်းတွေ ပျက်စီးနေတာမျိုးတော့ ရှိတယ်” ပြောပါတယ်။
၂၀၁၉ မိုးရာသီအတွင်း တံတားများကို လက်လှမ်းမီသလောက် ပြုပြင်ခဲ့ပြီး၂၀၂၀ အတွင်း ခိုင်ခံ့တဲ့ ကွန်ကရစ်တံတားများကို အိန္ဒိယ အထောက်အပံ့နဲ့ စတင်တည်ဆောက်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။
ဂေါင်ဂေါင်