ငပုတောတွင် ဖဲကြိုးစိမ်းလှုပ်ရှားမှုနှင့် လက်မှတ်ထိုး ဆန္ဒထုတ်ဖော်ခြင်းပြုလုပ်
DVB
·
January 18, 2020
မတ်လကုန်အထိ စာမေးပွဲ စစ်ဆေးခြင်းကို ကန့်ကွက်တဲ့အနေနဲ့ ဧရာဝတီတိုင်း၊ ငပုတောမြို့ အထက်တန်းကျောင်းမှာ ဇန်နဝါရီလ ၁၈ ရက်နေ့က ဖဲကြိုးစိမ်း လှုပ်ရှားမှုနဲ့ လက်မှတ်ရေးထိုး ဆန္ဒဖော်ထုတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။
လက်မှတ်ရေးထိုး ဆန္ဒဖော်ထုတ်တာကို ၂၄ ရက်နေ့ထိ လက်ခံသွားမှာဖြစ်ပြီး ဒီနေ့မှာ ဆရာကြီးတွေရော ဆရာမကြီးတွေပါ အားလုံး လာရောက်ပူးပေါင်းပါဝင်တာကြောင့် ဝမ်းသာမိတယ်လို့ ဦးဆောင်သူတဦးက ပြောပါတယ်။
ဖဲကြိုးစိမ်းလှုပ်ရှားမှုနဲ့ ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးချိန်မှာ ထင်ထားတာထက် ဆရာ၊ ဆရာမတွေ ပိုလာပူးပေါင်းလို့ လက်မှတ်ရေးထိုးတဲ့စာရွက်တွေ ထပ်ထုတ်ရတာမျိုးတွေတောင်ရှိတယ်လို့ ဦးဆောင် ပြုလုပ်သူဆရာက ဒီဗွီဘီကို ပြောတယ်။
ဖဲကြိုးစိမ်း Campaign ပြုလုပ်ရတာဟာ အောက်ခြေဆန္ဒသဘောထားမပါဘဲ ပညာရေးဝန်ကြီးဌာနရဲ့ လုပ်ရပ်ကို ကန့်ကွက် ဆန္ဒထုတ်ဖော်တာလို့ လာရောက်ပူးပေါင်း လက်မှတ်ထိုးသူတွေက ပြောပါတယ်။
စာသင်ကာလတိုးမြှင့်တဲ့ ပညာရေးဝန်ကြီးဌာနရဲ့ စနစ်ကို ကျောင်းသား၊ မိဘ၊ ဆရာတို့နဲ့ အစိုးရအဖွဲ့ ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးပြီးတဲ့အချိန်ထိ ဖဲကြိုးစိမ်း လှုပ်ရှားမှုကို ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံတဝန်း ဖဲကြိုးစိမ်းကမ်ပိန်း လှုပ်ရှားတာတွေကို တိုင်းနဲ့ပြည်နယ် ပညာရေးကောလိပ်တွေနဲ့ စာသင်ကျောင်းတွေမှာ ဇန်နဝါရီလဆန်းပိုင်းက စတင်ပြုလုပ်ခဲ့တာပါ။
မင်းထက်မုန်း (ပုသိမ်)