ရှမ်းပြည်တပ်မတော်က ဖမ်းဆီးထားသည့် မူးယစ်ဆေးများ လွှဲပြောင်းပေးအပ်
ခွန်ဇော်ဦး
·
January 18, 2020
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA)မှ ကျောက်မဲမြို့နယ်အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ဒီကနေ့ နေ့လယ်ပိုင်းက နယ်မြေခံ မြန်မာ့တပ်မတော်ကို ပထမအကြိမ်လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းတင်းကျေးရွာမှာ ကျင်းပပြုလုပ်ခဲ့တာပါ။
RCSS/SSA မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး စိုင်းဟန်က မူးယစ်ဆေးဝါးတွေကို မြန်မာ့တပ်မတော်ဘက်က ကျောက်မဲအခြေစိုက် အမှတ် (၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ အရာရှိတွေကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
RCSS/SSAရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီးစိုင်းဟန် က "နိုင်ငံတော်က မူးယစ်ဆေးဝါးကို မူဝါဒချမှတ်ပြီး တိုက်ဖျက်နေသလို RCSS/SSA မှာလည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို လုပ်ဆောင်နေပါတယ်။ ကျနော်တို့ RCSS/SSA တပ်ဖွဲ့ဟာ NCA စာချုပ်မှာ လက်မှတ်ရေးထိုးပြီးနောက်ပိုင်း NCA စာချုပ်ပါ အချက်အတိုင်း နိုင်ငံတော်က တိုက်ဖျက်နေတဲ့ မူးယစ်ဆေးဝါးကို ပူးပေါင်းတိုက်ဖျက်နေတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်မို့ အခုလို အခမ်းအနားနဲ့ ကျနော်တို့ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို သက်ဆိုင်ရာထံ အပ်နှံခဲ့တာဖြစ်ပါတယ်" လို့ ပြောပါတယ်။
လွှဲပြောင်းပေးအပ်တဲ့ မူးယစ်ဆေးဝါးတွေကတော့ ဘိန်းဖြူ (၁၀. ၂၈) ကီလိုဂရမ်၊ စိတ်ကြွဆေးပြား ၁၇၈၁၄၁ ပြားဖြစ်ပါတယ်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) ဟာ တနိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။