တောင်ကြီး စူဠာမုနိ ဘုရားပရဝဏ်အတွင်း ရှားမီးပူဇော်ခွင့်မပြု
DVB
·
January 13, 2020
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ စူဠာမုနိ လောကချမ်းသာဘုရားမှာ နှစ်စဉ်ကျင်းပလာတဲ့ ဘုရား ရှားမီးပူဇော်ပွဲကို အခုနှစ်ကစတင် ပူဇော်ခွင့်မပြုတော့ဘူးလို့ ဂေါပကအဖွဲ့ထံက သိရပါတယ်။
အဓိကဘုရားရင်ပြင်တော်မှာ နိုင်လွန်ကတ္တရာခင်းပြီး ပူဇော်မယ့်နေရာ မရှိတာ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်စေတာနဲ့ စည်းကမ်းမရှိ ပူဇော်ခြင်းတာတွေကြောင့် ရှားမီးပူဇော်တာကို ပိတ်ပင်လိုက်တားမြစ်လိုက်တာ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်က ရင်ပြင်တော်မှာ နိုင်လွန်ကတ္တရာခင်းတဲ့အတွက် အဆင်ပြေအောင် နေရာရွှေ့ပေးခဲ့ပေမယ့် ပတ်ဝန်းကျင်က မီးကြိုး၊ ဓာတ်ကြိုး၊ ကေဘယ်ကြိုးတွေ ရှိတဲ့အတွက် ရှားမီးပူဇော်ရာမှာ အန္တရာယ် ပိုဖြစ်စေနိုင်တယ်လို့ ဂေါပကအဖွဲ့က ပြောပါတယ်။
စူဠာမုနိဘုရားမှာ ဘုရားတည်ပြီး ဘုရားပရဝဏ်အတွင်းမှာ ရှားမီးစတင်ပူဇော်တာကစပြီး တဖြည်းဖြည်း လူတွေ များလာတဲ့အတွက် ပူဇော်မယ့်နေရာကို ဘုရားရင်ပြင်မှာ ရွှေ့ပြီး နှစ်စဉ် ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။
ရှားမီးပူဇော်ပွဲကို တပို့တွဲ လပြည့်နေ့ညမှာ ပူဇော်ပြီး တောင်ကြီးမှာ စူဠာမုနိဘုရား၊ ဆုတောင်းပြည့်ဘုရား၊ မင်္ဂလာရာမ၊ ရပ်တော်မူ၊ သက်စေ့ရန်အောင်ဘုရားတွေမှာ နှစ်စဉ် လာရောက်ပူဇော်လေ့ ရှိကြပါတယ်။