ရေးမြို့တွင် မီးစက်ဖြင့် အခမဲ့ ဖုန်းအားသွင်းနိုင်ရန် စီစဉ်ထားပေး
DVB
·
December 30, 2019
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေတဲ့ မီးစက် မီးလောင်သွားပြီးနောက် မြို့ပေါ်ရပ်ကွက်တွေ လျှပ်စစ်မီး မရရှိသေးတဲ့အတွက် ဖုန်းသုံးစွဲသူတွေ ဖုန်းအားသွင်းဖို့ အခက်အခဲရှိနေတာကြောင့် မြို့နယ်ကြက်ခြေနီအသင်းခွဲက မီးစက်နဲ့ အခမဲ့ ဖုန်းအားသွင်းနိုင်အောင် စီစဉ်ပေးထားပါတယ်။
မြို့ပေါ်ရပ်ကွက်က ဖုန်းသုံးစွဲသူတွေ မနက် ၈ နာရီက ည ၉ နာရီအထိ ဖုန်းအလုံးရေ ရာဂဏန်းလောက် လာရောက် ဖုန်းအားသွင်းနေကြပြီး လတ်တလော အဆင်ပြေပေမယ့် ရေရှည်အတွက်တော့ ဖုန်းသုံးသူ အများအစုမှာ အခက်ခဲတွေ ရှိနေကြတယ်လို့ ဆိုပါတယ်။
အခုဆိုရင် မြို့ပေါ်ရပ်ကွက်တွေထဲမှာ ရွှေဆံတော်ဘုရားရင်ပြင်၊ အောင်မင်္ဂလာ၊ ရန်ကြီးအောင် ရပ်ကွက်အပြင် နီးစပ်ရာ မီးစက်ငယ်ဖွင့်ထားသူတွေထံမှာ တချို့ဖုန်းသုံးစွဲသူတွေလည်း လာရောက် ဖုန်းအားသွင်းနေကြပါတယ်။
ဒီဇင်ဘာ ၂၈ ရက်က ရေးမြို့ကို လျှပ်စစ်မီးဖြန့်ဖြူးပေးနေတဲ့ မီးစက် မီးလောင်ကျွမ်းခံရလို့ လျှပ်စစ်မီးပြတ်နေတာဖြစ်ပြီး မီးလင်းရေးကုမ္ပဏီကတော့ လျှပ်စစ်မီးကို တလအတွင်း ပြန်ရအောင် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
နေမျိုးထွဋ်