ဂွါတီမာလာတွင် ခရီးသည်တင်ဘတ်စ်ကားတိုက်မိပြီး လူ ၂၀ဦး ထက်မနည်း သေဆုံး
DVB
·
December 22, 2019
ဂွါတီမာလာနိုင်ငံ အရှေ့ပိုင်းမှာ ဒီဇင်ဘာ ၂၁ ရက်က ကုန်တင်တွဲကားတစီးနဲ့ ခရီးသည်တင် ဘတ်စ်ကားတစီး တိုက်မိလို့ လူအယောက် ၂၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။
သေဆုံးသူတွေထဲမှာ အသက် ၇ နှစ်အရွယ် ယောက်ျားလေးတယောက် ပါတယ်လို့ ဆရာဝန်တွေနဲ့ မီးသတ်သမားတွေက ပြောပါတယ်။
ဒါ့အပြင် ဒဏ်ရာရသူတွေကိုလည်း နီးစပ်ရာဆေးရုံ ပို့ဆောင်ခဲ့ကြပါတယ်။ ဂွါတီမာလာနိုင်ငံ အရှေ့ပိုင်းက ဂွါလန်မြို့နားမှာ စနေနေ့ အစောပိုင်းက ဆန်တာအယ်လီနာမြို့ကို မောင်းလာတဲ့ ဘတ််စကားနဲ့ ကုန်တင်တွဲကားတို့ တိုက်မိခဲ့တာပါ။
ကုန်တင်တွဲကားဟာ ဘတ်စ်ကားကို အနောက်ကနေ ဝင်တိုက်ခဲ့ပုံရတယ်လို့ စေတနာ့မီးသတ်ဝန်ထမ်းတွေက သတင်းထောက်တွေကို ပြောပါတယ်။
ဒါပေမဲ့ လက်ရှိမှာတော့ အာဏာပိုင်တွေဟာ ယာဉ်မတော်တဆမှု ဖြစ်ရတဲ့ အကြောင်းအရင်းကို တိတိကျကျ မထုတ်ပြန်သေးဘဲ အသေးစိတ် စုံစမ်းစစ်ဆေးနေကြတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။