Homeမြန်မာသတင်း
ရခိုင်အရေး မြန်မာနိုင်ငံ၏ ဖြေရှင်းကြိုးပမ်းမှုကို နားလည်ထောက်ခံဟု ဗီယက်နမ်ဝန်ကြီးချုပ်ပြော
ရခိုင်အရေး မြန်မာနိုင်ငံ၏ ဖြေရှင်းကြိုးပမ်းမှုကို နားလည်ထောက်ခံဟု ဗီယက်နမ်ဝန်ကြီးချုပ်ပြော
DVB
·
December 18, 2019
ရခိုင်အရေး မြန်မာနိုင်ငံရဲ့ ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းမှုတွေကို နားလည်ကြောင်းနဲ့ ရခိုင်ကိစ္စ အပါအဝင် အခြားအခက်အခဲတွေကို အဆင်ပြေစွာ ဖြေရှင်းနိုင်ဖို့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခြေခံပြီး ထောက်ခံဆောင်ရွက်သွားမယ်လို့ ဗီယက်နမ် ဝန်ကြီးချုပ်က ပြောပါတယ်။
မြန်မာသမ္မတရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်တဲ့ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် ငုယင်စွမ်းဖုက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က နေပြည်တော်မှာ နှစ်နိုင်ငံ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။
ဗီယက်နမ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့ရဲ့ ဆက်ဆံရေး သိသိသာသာ တိုးတက်လာခဲ့ပြီး ဘက်စုံပါဝင်တဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မိတ်ဖက်အဖြစ် ပြသနိုင်ခဲ့ကြောင်း၊ အမျိုးသားလုံခြုံရေး၊ ကာကွယ်ရေးနဲ့ သံခင်းတမန်ခင်းဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြောင်း၊ နှစ်နိုင်ငံ အကျိုးစီးပွားအတွက် နိုင်ငံတကာနယ်ပယ်မှာ ပါဝင်ဆောင်ရွက်ရန်ဖို့ ဆွေးနွေးခဲ့ကြောင်းနဲ့ တောင်တရုတ်ပင်လယ် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို မြှင့်တင်ဖို့ အာဆီယံအဖွဲ့ရဲ့ ဘုံရပ်တည်ချက်ကို ထောက်ခံဆွေးနွေးခဲ့ကြောင်း ပြောသွားပါတယ်။
ဗီယက်နမ်ကို ၂၀၂၀ ပြည့်နှစ် အာဆီယံအဖွဲ့ ဥက္ကဋ္ဌတာဝန်နဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံအဖြစ် ရွေးချယ်ခံရမှုကို မြန်မာနိုင်ငံက အားပေးထောက်ခံပါကြောင်း၊ ဗီယက်နမ်နိုင်ငံက အာဆီယံဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မယ့် ၂၀၂၀ပြည့်နှစ်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ်နိုင်ငံသို့ လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်လိုပါကြောင်းလည်း ဝန်ကြီးချုပ် ငုယင်စွမ်းဖုက ပြောပါတယ်။
ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လည်း “စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုတွေဟာ အားကျဖွယ်ဖြစ်တယ်၊ ဗီယက်နမ်ရဲ့ ဆင်းရဲမွဲတေမှုကို ၁ ဒသမ ၅ ရာခိုင်နှုန်း နှစ်စဉ် လျှော့ချနေတာ လွန်စွာစိတ်ဝင်စားဖွယ် ကောင်းပြီး ဒီအတွေ့အကြုံတွေကို ဗီယက်နမ်နိုင်ငံမှ သင်ယူလေ့လာနိုင်မယ်”လို့ ပြောသွားပါတယ်။
မြန်မာသမ္မတဦးဝင်းမြင့်ကလည်း ဗီယက်နမ်ဝန်ကြီးချုပ် ဦးဆောင်တဲ့ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်မှာ မနေ့က ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့တယ်လို့ အစိုးရသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဓာတ်ပုံ- State Counsellor