ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး အီးမေးလ်အကောင့်များ Hack ခံရ
DVB
·
December 17, 2019
ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားဌာနခွဲရဲ့ အီးမေးလ်အကောင့်တွေ ခိုးယူ (Hack) ခံရတယ်လို့ ဒီဇင်ဘာ ၁၇ ရက် ဒီနေ့ညနေပိုင်းက တိုကျိုမြို့ မြန်မာသံရုံးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အသိပေးထုတ်ပြန်ပါတယ်။
အဲဒီအကောင့်တွေနဲ့ ဂျပန်နိုင်ငံရှိ အလုပ်သမား ကြီးကြပ်ရေးကုမ္ပဏီတွေဆီကို အလုပ်ကမ်းလှမ်းစာ စိစစ်ကြေးငွေတွေ ပိုတောင်းတာ၊ မမှန်မကန်စာတွေ ပေးပို့နေပြီး အဲဒီလုပ်ရပ်တွေဟာ သံရုံးအနေနဲ့ မပတ်သက်၊ တာဝန်မယူကြောင်းလည်း ဖော်ပြထားပါတယ်။
တိုကျိုသံရုံးအနေနဲ့ ဂူးဂဲလ်ရဲ့ အခမဲ့မေးလ်ဖြစ်တဲ့ bourmyanmarembassy@gmail.com ကို အသုံးပြုခဲ့ပြီး ဂျပန်နိုင်ငံရောက် မြန်မာ IT ပညာရှင် ဦးကောင်းမြန်ထွန်းကတော့ နိုင်ငံတော်ရဲ့အရေးကြီး စာရွတ်စာတမ်းနဲ့ ဆက်သွယ်ရေးအတွက် လုံခြုံရေးအားနည်းတဲ့ အခမဲ့ ဂျီမေးအကောင့်ကို မသုံးသင့်ဘူးလို့ ထောက်ပြ အကြံပေးပြောဆိုခဲ့ပါတယ်။
အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ဒီဗွီဘီအနေနဲ့ တိုကျိုမြို့ မြန်မာသံရုံးကို ဖုန်းဆက် မေးမြန်းခဲ့ပေမယ့် ညနေ ရုံးပိတ်ချိန် ဖြစ်နေတာကြောင့် အဆက်အသွယ် မရသေးပါဘူး။
ဇော်ဇော်လှိုင်