ဦးစိုးထွန်းရှိန်၏ ရှေ့နေ သက်သေခံ စာရွက်စာတမ်းများ တရားရုံးတော်သို့တင်သွင်း
အောင်ကိုကိုလတ် (နေပြည်တော်)
·
December 17, 2019
နိုင်ငံတော်ကို ရွှေကြွေးကျန်ပေးသွင်းဖို့ ပျက်ကွက်ခဲ့တဲ့အတွက် သတ္တုတွင်းဥပဒေနဲ့ တရားစွဲဖမ်းဆီးခံနေရတဲ့ ဦးစိုးထွန်းရှိန်ရဲ့အမှု ၆ ကြိမ်မြောက်ရုံးထုတ်မှာ သူ့ရဲ့ရှေ့နေက သက်သေခံ စာရွက်စာတမ်းတွေ တင်သွင်းခဲ့ပါတယ်။
ဒီဇင်ဘာ ၁၆ ရက်က ဦးစိုးထွန်းရှိန်နဲ့အတူ အမှုဖွင့်ခံထားရသူ ၄ ဦးကို ရုံးထုတ်ခဲ့ပြီး ဦးစိုးထွန်းရှိန်ရဲ့ ရှေ့နေကတော့ သက်သေခံ စာရွက်စာတမ်းတွေကို တင်သွင်းခဲ့ပါတယ်။
ရမည်းသင်းမြို့နယ်တရားသူကြီး ဦးဇော်လင်းအောင်က "သက်သေခံ စာရွက်စာတမ်းတွေ တင်သွင်းတာဟုတ်ပါတယ်။ တရားလိုကို စစ်ဆေးလို့ မပြီးသေးတဲ့ အတွက် ဘယ်နှစ်လောက်တင်သွင်းတယ်ဆိုတာကတော့ ပြောလို့ မရသေးပါဘူး"လို့ ပြောပါတယ်။
မနေ့က တရားခွင်မှာ မနက် ၁၁ နာရီလောက်ကနေ ညနေ ၄ နာရီကျော်အထိ တရားလိုကို စစ်ဆေးခဲ့တာဖြစ်ပြီး လာမယ့် ရုံးချိန်းကို ဒီဇင်ဘာလ ၂၄ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားပါတယ်။
"တရားလို ဦးအေးဇော်ကို စစ်ဆေးတာဖြစ်ပြီး သူ့ကို ဆက်လက်စစ်ဆေးဖို့နဲ့ တရားလိုပြသက်သေ ဦးတင်မောင်ဆွေအား စစ်ဆေးဖို့ ပြန်ချိန်းထားပါတယ်။ စွပ်စွဲခံရတွေဘက်က ပြန်လည်စစ်မေးနေဆဲပဲ ရှိပါသေးတယ်" လို့ တရားသူကြီး ဦးဇော်လင်းအောင်က ပြောပါတယ်။
အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဟာ ရွှေတူးဖော်ခွင့် ပါမစ် ရပ်ဆိုင်းခံထားရပေမယ့် ထပ်မံတူးဖော်ခဲ့တာကြောင့် ကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်ကို သတ္တုတွင်း ဥပဒေ ပုဒ်မ ၃၀ (က) နဲ့ တရားစွဲထားတာဖြစ်ပါတယ်။
ကုမ္ပဏီ အနေနဲ့ ရမည်းသင်းမြို့နယ် အပိုင်ထဲမှာရှိတဲ့ ၆၁၀၅ ဧကရှိတဲ့ မိုးထိမိုးမိ ရွှေလုပ်ကွက် A ကို ငါးနှစ်အတွင်းမှာ ပုဒ်ဖြတ်ရွှေစင် ၅ ဒသမ ၅၇၇ မတ်ထရစ်တန် (ပိသာချိန် ၃၄၁၅ ဒသမ ၃၂၇ ပိဿာ) နဲ့ အဆိုပြုငွေ ကျပ် သန်း ၁၀၀ ပေးသွင်းမယ်ဆိုပြီး ၂၀၁၁ ခုနှစ်က တင်ဒါအောင်မြင်ခဲ့တာပါ။
အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီအနေနဲ့ နိုင်ငံတော်ကို ပေးသွင်းဖို့ ရွှေအကြွေးတွေ ကျန်ရှိနေပြီးတော့ ရွှေတူးဖော်ခွင့်ကို ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းလောက်က ရုပ်သိမ်းခံရတာ ဖြစ်ပါတယ်။