မြန်မာ-ဗီယက်နမ် ကဏ္ဍ ၄ ရပ် ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန် ဆွေးနွေး
DVB
·
December 7, 2019
မြန်မာ-ဗီယက်နမ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှု ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအပါအဝင် ပညာရေး၊ ကုန်သွယ်ရေး၊ အကောက်ခွန်နဲ့ ယဉ်ကျေးမှုကဏ္ဍတွေမှာပါ တိုးမြှင့်ဆောင်ရွက်ဖို့ နိုင်ငံတော်သမ္မတနဲ့ ဗီယက်နမ်သံအမတ်ကြီးတို့ ဆွေးနွေးခဲ့ပါတယ်။
ဒီဇင်ဘာ ၆ ရက်က သမ္မတဦးဝင်းမြင့်ဟာ တာဝန်ပြီးလို့ မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာမယ့် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီး ဒေါက်တာ လုသွီဇွန်းကို သမ္မတအိမ်တော်မှာ လက်ခံတွေ့ဆုံရာမှာ အခုလို ဆွေးနွေးခဲ့တာပါ။
ဆွေးနွေးရာမှာလည်း နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာတွေ လက်မှတ်ရေးထိုးနိုင်ခဲ့မှု၊ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ ဘက်စုံပူးပေါင်းဆောင်ရွက်မှု၊ မိတ်ဖက်ဆက်ဆံရေးအဆင့်ကို တိုးမြှင့်နိုင်ခဲ့မှု၊ အာဆီယံ ဒေသတွင်းနဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာမျက်နှာစာမှာ ပူးပေါင်းဆောင်ရွက်မှုတို့နဲ့စပ်လျဉ်းလို့ ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံပွဲကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
Photo : Myanmar President Office