ဝမ်းတွင်းတွင် ဆင်းရဲချို့တဲ့ ပြည်သူများအတွက် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးရုံးဖွင့်
DVB
·
November 30, 2019
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့မှာ နိုဝင်ဘာ ၂၉ ရက်က ဆင်းရဲချို့တဲ့ပြည်သူများ၏ အမှူကိစ္စများအား အခမဲ့ ရှေ့နေလိုက်ပေးမယ့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးရုံး ဖွင့်လှစ်လိုက်ပါတယ်။
မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးဥက္ကဋ္ဌ ရှေ့နေ ဦးကျော်သီဟထွန်းက "အများပြည်သူတွေရဲ့ အခက်အခဲတွေ၊ အမှုကိစ္စတွေအားလုံး ရုံးကိုလာပြီး ဆွေးနွေးတိုင်ပင်နိုင်ပါတယ်၊ ပြစ်မှုကြောင်းဆိုင်ရာ အမှုကိစ္စ ဖြစ်လာတယ်ဆိုရင် ရှေ့နေမငှားနိုင်ဘူးလို့ ရုံးကို လာရောက်လျှောက်ထားရင် အခမဲ့ရှေ့နေ လိုက်ပေးမှာ" လို့ ဒီဗွီဘီကို ပြောပါတယ်။
မိတ္ထီလာခရိုင်ထဲမှာ ပြည်သူတွေအတွက် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ရုံးခန်းဖွင့်လှစ်တာ ပထမဆုံး ဖြစ်ပါတယ်။
ဒေသခံဒေါ်သန်းက "အခုလို ရုံးဖွင့်လိုက်တော့ နေရာသတ်သတ်မှတ်မှတ် ရှိနေတာမို့ အမှုကိစ္စတွေ ဆွေးနွေးမယ်ဆို အဖွဲ့ထဲက ရှေ့နေတွေ လိုက်ရှာနေစရာ မလိုတော့ဘူးပေါ့၊ ရုံးမှာပဲ ဆွေးနွေးလို့ ရသွားတာ ဝမ်းသာမိတယ်၊ ဘာပဲဖြစ်ဖြစ် ပိုက်ဆံမပေးရတာကိုက ရဲရဲတင်းတင်း မေးရဲ ပြောရဲပြီး အားရှိတာပေါ့" လို့ ပြောပါတယ်။
လက်ရှိအခြေအနေမှာ ရှေ့နေ ၅ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။ ၂၀၁၉ ခုနှစ် အစပိုင်းကတည်းက အပတ်စဉ်တိုင်း ကျေးရွာတွေကို ကွင်းဆင်းပြီး အမှုကိစ္စတွေ ဖြစ်လာမှ ဖြေရှင်းတာထက် မဖြစ်အောင် ဆင်ခြင် နေထိုင်တတ်ဖို့ အသိပညာပေး ဟောပြောမှုတွေလည်း လုပ်ဆောင်နေပါတယ်။
မောင်မောင်လင်း