ကျောမြို့အနီးတွင် ယာဉ်တိမ်းမှောက်၊ လူ ၆ ဦး သေဆုံး
Aung Ko Latt
·
November 23, 2019
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောမြို့အနီး ပုံညာတောင်အဆင်း သရက်ပင်ကွေ့မှာ နိုဝင်ဘာလ ၂၂ ရက်နေ့ နေ့လယ်ပိုင်းက ကားတစီး တိမ်းမှောက်ခဲ့တာကြောင့် လူ ၆ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကားတိမ်းမှောက်မှုကြောင့် ကားပေါ်မှာပါလာတဲ့ ခရီးသည် ၅၀ ဝန်းကျင်ထဲက အမျိုးသမီး ၁ ယောက်နဲ့ အမျိုးသား ၁ ယောက်တို့မှာ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၂ ယောက်တို့လည်း နောက်ထပ်သေဆုံးခဲ့ပါတယ်။
"ကားမောင်းမကျွမ်းကျင်တာ ဖြစ်ဖို့များတယ်။ တောင်ပေါ်လမ်းဆိုတော့ မောင်းစမရှိရင် အဆင်မပြေဘူး။ လောလောဆယ်တော့ ကျောမြို့ ဓမ္မစေတမန် ပရဟိတအသင်းက ကူညီဆောင်ရွက်နေပါတယ်" လို့ ကျောမြို့နေ ဦးအောင်ကျော်ဝင်းက ပြောပါတယ်။
ကားမှောက်ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်လို့ တိတိကျကျမသိရသေးပါဘူး။ ကားအမျိုးအစားက ဖောကားခေါင်းရှည် အမျိုးအစား အပြာရောင် ၆ ဘီးကားဖြစ်ပါတယ်။
ထီးလင်းမြို့နယ်၊ မြောင်းကြီးကျေးရွာက လူအများစုဖြစ်ကာ ပုလဲမြို့နယ်ကို အလှုပွဲအသွားမှာ ဖြစ်တာလို့ ဆိုပါတယ်။
ရပ်ကျေးအုပ်ချုပ်ရေးမှုး ဦးစိန်အေးက "လောလောဆယ်တော့ ကားမှောက်သေဆုံး ပဲသိရသေးတယ်။ ကျနော်လည်း ခရီးသွားနေလို့ အသေးစိတ်တော့ မသိရသေးဘူး။ လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်တာဝန်ရှိသူတွေတော့ ဒီနေ့ လာမယ်ပြောတယ်" လို့ ပြောပါတယ်။
ပြင်းထန်ဒဏ်ရာရရှိသူတွေကိုလည်း မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးနေပြီး သေဆုံးသူတွေကိုတော့ ကျောမြို့ အမှတ် (၁) သုသာန်မှာ ဓမ္မစေတမန်ပရဟိတအသင်းက ဦးဆောင်ကာ ကူညီသင်္ဂြိုဟ်ပေးသွားမယ်လို့ သိရပါတယ်။