ပလက်ဝ တံတားစီမံကိန်းသုံး ပစ္စည်းတင် သင်္ဘော ၃ စီးကို အေအေပစ်ခတ်ဟု တပ်မတော်ထုတ်ပြန်
DVB
·
November 23, 2019
ပလက်ဝ တံတားစီမံကိန်းမှာ သုံးမယ့် သံဘောင်နဲ့ ဆောက်လုပ်ရေးပစ္စည်းတွေတင်လာတဲ့ သင်္ဘော ၃ စီးကို အေအေအဖွဲ့က ပစ်ခတ်ခဲ့တယ်လို့ တပ်မတော်က ဆိုပါတယ်။
သင်္ဘောတွေဟာ နိုဝင်ဘာ ၂၁ ရက်ညပိုင်းက စစ်တွေမြို့၊ ရွှေမင်းဂံဆိပ်ကမ်းကနေ ထွက်ခွာလာခဲ့ပြီး ၂၃ ရက် မနက်ပိုင်းမှာ ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာနား ကုလားတန်မြစ်ထဲမှာ ပစ်ခတ်ခံခဲ့ရတာပါ။
အေအေအဖွဲ့ဟာ မြစ်ရဲ့ အရှေ့ဘက် ပေါက်တောရွာနဲ့ အနောက်ဘက် သင်္ဂနက်ရွာနားကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် လုံခြုံရေးလိုက်ပါလာတဲ့ စစ်ရေယာဉ်တွေကလည်း ပြန်ပစ်ခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။
ပစ်ခတ်တာတွေကြောင့် ရေယာဉ်တစီးမှာ ပဲ့ထိန်းခန်းကို လက်နက်ကြီး ထိမှန် ပျက်စီးသွားတယ်လို့လည်း ဆိုပါတယ်။
အေအေအဖွဲ့ဟာ ပြီးခဲ့တဲ့ မတ် ၁၆ ရက်ကလည်း ပလက်ဝ တံတားစီမံကိန်းအတွက် ဆောက်လုပ်ရေးပစ္စည်းတွေ တင်လာတဲ့ သင်္ဘောတစီးကို လက်နက်ငယ်တွေနဲ့ပစ်ခတ်ပြီး သင်္ဘောကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။