Homeမြန်မာသတင်း
စီပွားရေးလုပ်ရလွယ်သည့်စာရင်းတွင် မြန်မာ မြင့်တက်၊ တိုးတက်ရန် များစွာလိုဟု အတိုင်ပင်ခံပြော
စီပွားရေးလုပ်ရလွယ်သည့်စာရင်းတွင် မြန်မာ မြင့်တက်၊ တိုးတက်ရန် များစွာလိုဟု အတိုင်ပင်ခံပြော
DVB
·
November 17, 2019
အာဆီယံနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ စီပွားရေး စတင်လုပ်ကိုင်ရာမှာ အလွယ်ကူဆုံးအဆင့် စတုတ္ထနေရာမှာ ရှိနေပေမယ့် တိုးတက်ဖို့ အများကြီးလိုသေးတယ်လို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
ရန်ကုန်မြို့ သာကေတမြို့နယ်က Fortune Plazaမှာ နိုဝင်ဘာ ၁၆ ရက်ကလုပ်တဲ့ စတုတ္ထအကြိမ် မြန်မာစွန့်ဦးတီသူများ ဆွေးနွေးပွဲ ၂၀၁၉ အခမ်းအနားမှာ အခုလိုပြောလိုက်တာပါ။
“ကမ္ဘာ့ဘဏ်ရဲ့ ၂၀၂၀ ပြည့်နှစ် အတွက် စီးပွားရေးလုပ်ကိုင်ရာတွင် လွယ်ကူချောမွေ့မှုအရှိဆုံး နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံက အတိုးတက်ဆုံး နိုင်ငံ ၂၀ စာရင်းမှာ ပါဝင်ခဲ့သလို အာဆီယံနိုင်ငံတွေထဲမှာ စီးပွားရေး စတင်လုပ်ကိုင်ရာမှာ အလွယ်ကူဆုံးအဆင့် စတုတ္ထအဆင့်မှာ ရှိနေပါတယ်။ ဒါပေမဲ့လည်း တိုးတက်ဖို့က အများကြီးလိုပါသေးတယ်” ပြောဆိုသွားတာပါ။
ကမ္ဘာ့ဘဏ်ရဲ့အဲဒီစာရင်းမှာ အန်အယ်လ်ဒီအစိုးရ တာဝန်ယူခဲ့တဲ့ ၂၀၁၆ ခုနှစ်က အဆင့် ၁၆၀ ရှိခဲ့ရာကနေ လက်ရှိမှာ အဆင့် ၇၀ အထိ သိသိသာသာ မြင့်တက်ခဲ့တာတွေ့ရမယ်လို့ အတိုင်ပင်ခံက အဖွင့်အမှာစကားမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အစိုးရက အားပေးရမယ့် အပိုင်းတွေမှာလည်း မူဝါဒပိုင်း၊ လက်တွေ့ အကောင်အထည်ဖော်ရမယ့် အပိုင်းအားလုံးမှာ ရှုထောင့်စုံက ကူညီပံ့ပိုး ပေးနေတဲ့အပြင် တဖက်မှာလည်း စီးပွားရေးလုပ်ငန်းလုပ်ကိုင်တဲ့ အငယ်စား၊ အသေးစား၊ အလတ်စားလုပ်ငန်းတွေအတွက် လွယ်ကူချောမွေ့အောင် ဆောင်ရွက်ပေးနေသလို စီးပွားရေး လုပ်ငန်းတခုလုံး လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ ဆောင်ရွက်နိုင်ဖို့လည်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
အဲဒီအခမ်းအနားကို မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းက ကျင်းပခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာ စွန့်ဦးတီထွင် ဂေဟစနစ်တစ်ခု ပေါ်ပေါက်လာစေဖို့၊ ပြည်တွင်းသာမက အာဆီယံဒေသတွေအပြင် ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင်ကွန်ရက်နဲ့ချိတ်ဆက်ပြီး ပြည်တွင်းက စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေ ပြည်ပဈေးကွက်ကို ထိုးဖောက်နိုင်ဖို့၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ တာဝန်သိတတ်သော စီးပွားရေးလုပ်ငန်းတွေ ပေါ်ပေါက်လာစေဖို့၊ အလုံးစုံပါဝင်နိုင်တဲ့ စီးပွားရေးလုပ်ငန်း (Inclusive Business)တွေနဲ့ ပြည်သူ့အကျိုးပြု စီးပွားရေးလုပ်ငန်းတွေ ဖြစ်ပေါ်လာစေဖို့ ရည်ရွယ်ကျင်းပခဲ့တာဖြစ်ပါတယ်။
အခမ်းအနားကို ပြည်ထောင်စုဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်က တာဝန်ရှိသူတွေ၊ နိုင်ငံခြား သံအမတ်ကြီးတွေနဲ့သံတမန်တွေ၊ စီးပွားရေးမိတ်ဖက်အဖွဲ့အစည်းတွေ၊ မြန်မာနိုင်ငံ လူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတွေနဲ့ အသင်းသားတွေ၊ ပြည်တွင်း ပြည်ပ အသိပညာရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။