မြေနုကျွန်း အငြင်းပွားမှု ဖြေရှင်းပေးရန် ရွှေတောင်ဒေသခံများ ဆန္ဒပြ
မင်းညို
·
November 17, 2019
မြေနုကျွန်း အငြင်းပွားနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးဖို့ ရွှေတောင်မြို့နယ် ဒေသခံတွေက နိုဝင်ဘာ ၁၆ ရက်နေ့ မနက်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။
ပဲခူးတိုင်း ရွှေတောင်မြို့နယ် ဧရာဝတီမြစ်ထဲမှာ လွန်ခဲ့တဲ့ ၅ နှစ်ကျော်က ပေါ်လာခဲ့တဲ့ မြေနုကျွန်းက ယွန်းတန်းရပ်ကွက်၊ ဒုရင်ဂဘိုကျေးရွာ၊ မင်းတဲကျွန်းရပ်ကွက်တွေနဲ့ တဆက်စပ်တည်း ရှိနေတာပါ။
အဲဒီမြေနုကို သက်ဆိုင်ရာတာဝန်ရှိသူတွေ တရားဝင်ချပေးမထားခင်ကတည်းက ဝင်ရောက်စိုက်ပျိုးလုပ်ကိုင်နေသူတွေ ရှိနေပြီး ၂၀၁၉ ခုနှစ်မှာ နေရာခွဲဝေချထားရာမှာ စိုက်ပျိုးပြီးသားသူတွေနဲ့ မြေနေရာရထားသူတွေ အငြင်းပွားမှု ဖြစ်ပေါ်နေတာကြောင့် ပြဿနာ မကြီးထွားလာခင် ဖြေရှင်းပေးဖို့ ဆန္ဒပြတာလို့ ဒေသခံ ဒေါ်မြမြမိုးက ပြောပါတယ်။
ယွန်းတန်းရပ်ကွက်နေ ဒေါ်မိုးစန္ဒာက “အခုသူတို့ ခွဲပေးထားတဲ့နေရာတွေက စိုက်ပျိုးပြီးသားတွေ ဖြစ်ပြီး သူတို့ကလည်း ဖယ်မပေးဘူး၊ အခုက စိုက်ပျိုးပြီးချိန်လည်း ရောက်နေပြီ၊ ဒေသအာဏာပိုင်တွေကလည်း ဘယ်သူမှရှ င်းမပေးဘူး” လို့ ပြောပါတယ်။
ပြည်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဉာဏ်ဇော်က “ဒီမြေနုကျွန်းကို ယွန်းတန်းရပ်ကွက်အတွက် ဧက ၈၀၊ ဒုရင်ဂဗိုလ်ကျေးရွာကို ဧက ၁၇၀ နဲ့ ကျွန်းပေါ်မှာ လက်ရှိ နေထိုင်နေတဲ့ အိမ် ၃၀ ကျော်ကို ဧက ၇၀၊ ကျွန်းနဲ့အနီးဆုံးကို သုံးပုံနှစ်ပုံနဲ့ နည်းနည်းဝေးတဲ့ဘက်ကို သုံးပုံတပုံခွဲပေးထားတာ၊ အဲဒါ သူတို့က မလိုက်နာကြတာ၊ တိုင်းကိုလည်း အတည်ပြုဖို့ တင်ထားလိုက်ပြီ” လို့ ပြောပါတယ်။
အခုလို မြေနုကျွန်းကိစ္စ အငြင်းပွားနေတာတာနဲ့ ပတ်သက်ပြီး ရွှေတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဇော်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် မရပါဘူး။
ဒေသခံတောင်သူ ၁၀၀ ကျော်က မြေနုကျွန်းဥပဒေနဲ့အညီ တောင်သူဟောင်းများကို ဦးစားပေးရေး၊ ကျူးကျော်စိုက်ပျိုးလုပ်ကိုင်သူများကို ဖယ်ရှားပေးရေး၊ တောင်သူအချင်းချင်း ခိုက်ရန်ဒေါသမဖြစ်စေဖို့ ဆောင်ရွက်ပေးရေး၊ ၂၀၁၂ မြေနုကျွန်းဥပဒေနှင့်အညီ ဆောင်ရွက်ပေးရေး စတဲ့ ဗွီနိုင်းတွေ ကိုင်ဆောင်ပြီး ကြွေးကြော်သံတွေနဲ့ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့နဲ့ ရန်ကုန်-ပြည်လမ်း အပါအဝင် လူစည်ကားရာလမ်းတွေမှာ လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။