မိုးကုတ်ကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသည့်ဒေသဖြစ်စေလိုဟု အတိုင်ပင်ခံပြော
DVB
·
November 10, 2019
ကမ္ဘာ့ကျော်ကျောက်မျက်ရတနာများထွက်ရှိတဲ့ မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် မိုးကုတ်ဒေသကို သယံဇာနဲ့ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းတဲ့ဒေသ ဖြစ်စေလိုတယ်လို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
နိုဝင်ဘာ ၉ ရက်က ဒေါ်အောင်ဆန်းစုကြည်ဟာ မိုးကုတ်မြို့ကိုရောက်ရှိနေစဉ် King Bridge ဟိုတယ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မိုးကုတ်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနဲ့တာဝန်ရှိသူတွေ၊ ဒေသခံ တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ မြို့မိ၊ မြို့ဖတွေနဲ့ တွေ့ဆုံစဉ် အခုလိုပြောဆိုခဲ့တာပါ။
“မိုးကုတ်ဒေသတွင် မည်သို့သောပြဿနာများရှိ၍ မည်သို့ဖြေရှင်းပေးရမည်ဆိုသည့်ရည်ရွယ်ချက်ဖြင့် လာရောက်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့်လည်း ပြည်သူတင်ပြသည့်ကိစ္စအားလုံးကို အလေးထားပါကြောင်း ၊အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့် အခြေအနေရှိပါက ချက်ချင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ ပြည်သူများသည် သယံဇာတများထက် ပိုမိုတန်ဖိုးရှိပါကြောင်း၊ မိုးကုတ်ဒေသသည် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းသည့်ဒေသဖြစ်စေလိုကြောင်း” ပြောဆိုခဲ့ပါတယ်။
တွေ့ဆုံပွဲကို တက်ရောက်လာသူတွေကတော့ ကျောက်မျက်နည်းဥပဒေ အမြန်ထွက်ရှိရေး၊ နိုင်ငံတော်က သိမ်းဆည်းထားတဲ့ မြေဧက ၁၅၀၀၀ အနက် တူးဖော်ထုတ်လုပ်ခြင်းမရှိသည့်ဧက ၃၀၀၀ အား ဒေသခံ ပြည်သူများအား လုပ်ကိုင်ခွင့်ချ ထားပေးရေး၊ မိုးကုတ်မြို့ရှိ ကျောက်မျက်တူးဖော်ထုတ်လုပ်မှုမရှိသည့် နေရာ များအား နိုင်ငံခြားသားခရီးသွားများ လေ့လာနိုင်ရန် နေရာသတ်မှတ်ပေးရေး၊ ဒေသခံလက်လုပ် လက်စားများ အချိုးကျ လုပ်ကွက်ရရှိစေရေးတို့နဲ့စပ်လျဉ်းပြီး တင်ပြခဲ့ကြပါတယ်။
ကျောက်မျက်ဥပဒေကို ပြဋ္ဌာန်းပြီးဖြစ်တဲ့အတွက် ဥပဒေအရ ၂၀၂၀ ပြည့်နှစ်မှာ ကျောက်မျက်တူးဖော် ရေးလုပ်ငန်းအားလုံး ဧကကန့်သတ်ချက်၊ ကာလသတ်မှတ်ချက်တွေ ရှိလာမယ့်အပြင် လက်လုပ်လက်စားလုပ် ကွက်တွေကိုပါချထားပေးမှာဖြစ်လို့ လုပ်ငန်းရှင်တွေအနေနဲ့ ကျောက်ထွက်နှုန်းနည်းမှာကို ပူပန်နေသလို့ လက်လုပ်လက်စား လုပ်ခွင့်ရသူတွေ ဘက်ကလည်း ရတဲ့မြေဟာ ကျောက် မအောင်တဲ့ မြေဖြစ်မှာကို စိုးရိမ်နေကြပါတယ်။
နိုဝင်ဘာ ၉ ရက်က မိုးကုတ်မြို့ကို ရောက်ရှိလာတဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မိုးကုတ်မြို့ ညောင်သုံးပင်ပရိယတ္တိ သာမဏေကျော် သာသနာ့ဗိမာန်တော် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်လာတာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် မိုးကုတ်မြို့ကို လာစဉ် ဒေသခံအချို့ဟာ မင်းတံတားရပ်ကွက်က စောင့်ဆိုင်းပြီး ကျောက်မျက်လုပ်ကွက်တွေ တရားမျှတစွာချထားပေးဖို့နဲ့ လုပ်ကွက်တွေ ချထားပေးရာမှာ ဒေသခံတွေရဲ့အသံကို နားထောင်ပေးဖို့ကို ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြသူအချို့ကို ရဲက ခေတ္တထိန်းသိမ်းပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။