အတိုင်ပင်ခံခရီးစဉ်အတွင်း ဆန္ဒပြမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူအချို့ ပြန်လွတ်
DVB
·
November 10, 2019
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိုးကုတ်မြို့ ခရီးစဉ်မှာ ကျောက်မျက်လုပ်ကွက်တွေ တရားမျှတစွာ ချထားပေးရေးအတွက် တောင်းဆို ဆန္ဒပြတဲ့ ဒေသခံတွေ ဖမ်းဆီးခံခဲ့ရပြီးနောက် ပြန်လွှတ်ပေးလိုက်ပါတယ်။
မိုးကုတ်မြို့ ဒေသခံတွေဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ မိုးကုတ်ဒေသခံများ တွေ့ဆုံခွင့်ရရှိရေး၊ ကျောက်မျက်လုပ်ကွက်တွေ တရားမျှတစွာ ချထားပေးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး အောင်မြင်ပါစေ စတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင် ဆန္ဒပြခဲ့ပါတယ်။
နိုဝင်ဘာလ ၉ ရက်နေ့ မိုးကုတ်မြို့ မင်းတံတားထိပ်မှာ ငြိမ်းချမ်းစွာ ရပ်တန့်ဆန္ဒပြနေတုန်း ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။
ကျောက်မထွက်တဲ့ ဒေသတွေမှာ ဒေသခံတွေကို လက်လုပ်လက်စား လုပ်ကွက်အဖြစ် ချားပေးဖို့ လုပ်တဲ့အတွက် ဆန္ဒပြတာလို့ မိုးကုတ်မြို့ ကျပ်ပြင်ရပ်နေ ဦးဇော်ဝင်းက ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့အတွက် စာတင်ပေမယ့် တွေ့ဆုံခွင့်မရရှိခဲ့ဘူးလို့ သိရပါတယ်။ ဖမ်းဆီးခံရသူတွေမှာ ဦးဆောင်သူဖြစ်တဲ့ ဦးစိုးဌေး (၈၈ ငြိမ်း/ပွင့်-မိုးကုတ်မြို့) အပါအဝင် ၆ ဦး ဖြစ်ပြီး အရင်အမှုဟောင်းနဲ့ ဖမ်းဆီးတာလို့ သိရပါတယ်။
ဖမ်းဆီးထိန်းသိမ်းတာနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့အနေနဲ့ တိကျတဲ့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မိုးကုတ်မြို့ ညောင်သုံးပင် ပရိယတ္တိသာမဏေကျော်ကျောင်းတိုက်ရှင် ၁၀၀၀ ဗိမာန်တော် လာရောက် ဖွင့်လှစ်ပေးခဲ့ပြီး မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
နိုင်လင်းအောင်