မွန်ပြည်နယ် ဆောင်းသီးနှံချေးငွေ ကျပ်သန်း ၇၀၀၀ ကျော် ထုတ်ချေးရန် လျာထား
DVB
·
November 9, 2019
မွန်ပြည်နယ်မှာ အခုနှစ် ဆောင်းသီးနှံ ချေးငွေအတွက် ကျပ်သန်းပေါင်း ၇၀၀၀ကျော်အထိ ထုတ်ချေးပေးဖို့ လျာထားတယ်လို့ မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မွန်ပြည်နယ် မန်နေဂျာက ပြောပါတယ်။
မွန်ပြည်နယ်ဟာ ဆောင်းရာသီကာလမှာ ပဲတီစိမ်း၊ မတ်ပဲ အပါအဝင် ပဲပုပ်တို့ကို အဓိက စိုက်ပျိုးနေတဲ့ ပြည်နယ်တခုဖြစ်ပြီး နှစ်စဉ် ဆောင်းသီးနှံ ဧက ၆၀၀၀၀ ကျော်ကို စိုက်ပျိုးနေတာပါ။
ဒီနှစ်မှာတော့ ဆောင်းသီးနှံ စိုက်ဧက ၄၃၀၀၀ အတွက် ၁ ဧက ၁ သိန်းနှုန်းအပြင် နွေစပါး စိုက်ဧက ၁၉၀၀၀ အတွက် ၁ ဧက ၁ သိန်းခွဲနှုန်းအပါအဝင် စုစုပေါင်း ကျပ်သန်း ၇၀၀၀ ကျော်အထိ ထုတ်ချေးပေးဖို့ လျာထားတယ်လို့ မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မွန်ပြည်နယ် မန်နေဂျာ ဦးကျော်စွာလှိုင်က ပြောပါတယ်။
ဆောင်းသီးနှံ ချေးငွေတွေကို အောက်တိုဘာ ဒုတိယအပတ်က စပြီး သက်ဆိုင်ရာဘဏ်ခွဲတွေမှာ စတင် ထုတ်ချေးပေးနေတာ ဖြစ်ပြီး ဒီဇင်ဘာလကုန်အထိ ထုတ်ချေးပေးသွားဖို့ စီစဉ်ထားတာပါ။
ဒါ့အပြင် တောင်သူတွေအနေနဲ့ စိုက်ပျိုးစရိတ်ချေးငွေအပြင် လယ်ယာသုံးစက်ကိရိယာ ဝယ်ယူဖို့ လိုအပ်နေတဲ့ ချေးငွေတွေကိုလည်း သက်ဆိုင်ရာဘဏ်ခွဲတွေမှာ တင်ပြတောင်းခံနိုင်တယ်လို့ ဆိုပါတယ်။
ဒီနှစ် ဆောင်းရာသီမှာ ပိုးကျများတဲ့အတွက်ကြောင့် ပိုးသတ်ဆေးတွေနဲ့ ဓာတ်မြေသြဇာတွေ လိုအပ်နေတယ်လို့ တောင်သူ ဒေါ်ကြည်ပြာက ပြောပါတယ်။
ဆောင်းသီးနှံ ချေးငွေတွေကို လာမယ့်ဇွန်လကုန်မှာ အပြီးအကျေဆပ်ရမှာဖြစ်ပြီး အတိုးနှုန်းက ၈ ရာခိုင်နှုန်း ဖြစ်ပါတယ်။
မွန်ပြည်နယ်ဟာ နှစ်စဉ်မိုးစပါး စိုက်ဧက ၇ သိန်းနီးပါးနဲ့ ဆောင်းသီးနှံ စိုက်ဧက ၆၀၀၀၀ ကျော်စိုက်ပျိုးနေတဲ့ ပြည်နယ်တခု ဖြစ်ပါတယ်။
ဇော်လွင်ထွဋ်