Homeမြန်မာသတင်း
မြိတ် ငါးလေလံဈေး ကြန့်ကြာနေမှု ရေလုပ်ငန်းရှင်ကြီးများကြောင့်ဟု လွှတ်တော်ကိုယ်စားလှယ်ပြော
မြိတ် ငါးလေလံဈေး ကြန့်ကြာနေမှု ရေလုပ်ငန်းရှင်ကြီးများကြောင့်ဟု လွှတ်တော်ကိုယ်စားလှယ်ပြော
DVB
·
November 3, 2019
တနင်္သာရီတိုင်း မြိတ်မြို့မှာ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေး ပြန်လည်ဖြစ်ပေါ်လာဖို့ ကြန့်ကြာနေတာဟာ ရေထွက်ကုန်နဲ့ပတ်သက်ပြီး အခွန်ရှောင်တိမ်းဖို့ ကြိုးစားနေတဲ့ ရေလုပ်ငန်းရှင်ကြီးတွေကြောင့် ဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
တနင်္သာရီတိုင်းအတွင်းမှာ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေး မရှိတာကြောင့် ရေထွက်ကုန်ပစ္စည်းတွေကို ထိုင်းနိုင်ငံကို အဓိက တင်ပို့ရောင်းချနေရပါတယ်။ အဲဒီလို ရောင်းချတဲ့နေရာမှာ ကုန်ချိန်နဲ့ ငါးအမျိုးစားကို အမှန်မပြတာအပြင် တရားမဝင် ရောင်းဝယ်ဖောက်ကားတာတွေ ရှိနေတာကြောင့် တနင်္သာရီတိုင်းအနေနဲ့ နှစ်စဉ် ဘီလီယံ ၁၅၀ လောက် နစ်နာနေတယ်လို့ ဆိုပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက “တချို့လုပ်ငန်းရှင်ကြီးတွေက ငါးဈေးကွက် ပေါ်ပေါက်ဖို့ မလိုချင်ဘူး။ အဲဒါကြောင့် နောက်ကွယ်မှာ ဝန်ထမ်းတွေ၊ တချို့ အစိုးရဝန်ထမ်း အကြီးအကဲတွေနဲ့ ပေါင်းပြီးတော့ မဖြစ်ပေါ်အောင်လုပ်တဲ့ အပိုင်းတွေလည်း သွားတွေ့ရတယ်။ အမျိုးမျိုး အနှောင့်အယှက်ပေးပြီးတော့ လုပ်နေတာ တွေ့ရတယ်။ ဒီအခြေအနေတွေ အကုန်လုံးကို နိုင်ငံတော်အကြီးအကဲကို သိစေချင်တယ်။ မြင်စေချင်တယ်။”
အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးကို မြိတ်ဒေသမှာ ၂၀၀၀ ခုနှစ်က စတင်အကောင်ထည်ဖော်ခဲ့ပြီးတဲ့နောက် သက်ဆိုင်ရာဌာနတွေရဲ့ ပူးပေါင်းဆောင်ရွက်တာ အားနည်းခဲ့လို့ ရပ်နားခဲ့ရတာ ၁၇ နှစ်ဝန်းကျင်ရှိနေပြီ ဖြစ်ပါတယ်။
ငါးလေလံဈေး ပြန်လည် ဖွင့်လှစ်နိုင်ဖို့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုငွေ ဒေါ်လာသန်း ၂၀ နဲ့ ပြန်လည်ရင်းနှီးမြှုပ်နှံဖို့ သက်ဆိုင်ရာကုမ္ပဏီက အဆိုပြုထားပေမယ့် ပြည်ထောင်စုအဆင့် သက်ဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ ခွင့်ပြုပေးဖို့ကို ကြန့်ကြာနေပါတယ်။
မြန်မာ အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာဆင့်မီ ငါးလေလံဈေး အမှုဆောင်ဒါရိုက်တာ မဌေးဌေးဝင်းက “အစိုးရဆီက ကျမတို့ ရဖို့ရှိတဲ့ အကြွေးတွေအထိ လျှော်ပေးမယ်လို့ ကျမတို့ ပရိုပိုဆယ် လုပ်ခဲ့တယ်။ ဒါပေမဲ့ အစိုးရ တာဝန်ရှိသူတွေက နားလည်မှုတွေ လွဲနေတယ်လို့ ကျမ ယူဆပါတယ်။ အမေစု မြိတ်မြို့ကို လာတုန်းက ဒေသခံတဦး ပြောသလိုပေါ့။ ငါးလေလံဈေးနဲ့ ပတ်သက်ရင် သေချာပေါက် အမေစုဟာ အညာခံထိနေတာ”လို့ ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေး ပေါ်ပေါက်လာဖို့ကို ရေလုပ်ငန်းရှင်တချို့က ကိုယ်တိုင် ကြိုးပမ်းနေတာရှိပြီး ငါးဖမ်းသင်္ဘောတွေ ပိုင်ရှင်တွေ ချုပ်ကိုင်ထားတဲ့ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေး ဖြစ်ပေါ်နေမယ် ဆိုရင်လည်း အဂတိတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် သက်ဆိုင်ရာ ဌာနတွေအနေနဲ့ သတိပြုဖို့လိုမယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက ပြောပါတယ်။
“တကယ်လို့ လုပ်ငန်း သင်္ဘောပိုင်ရှင်တွေ လက်ထဲကို အပြည်ပြည်ဆိုင်ရာ ငါးဈေးကွက်က ရောက်သွားမယ်ဆိုရင် ကိုယ် ဖမ်းဆီးရမိတဲ့ ငါးနဲ့ ငါးဈေးကွက် ဆိုရင် ကိုယ့်ဟာနဲ့ကိုယ် ဖြစ်တဲ့အတွက် ဒီအခြေအနေမှာ အောက်ခြေဝန်ထမ်းတွေနဲ့ပေါင်းပြီး အဂတိတွေ ဆက်လက်ဖြစ်ပေါ်နိုင်တဲ့အတွက် ဒါကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေက သတိထားဖို့ လိုပါတယ်။”
အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးကို နိုင်ငံတော်အကြီးကဲတွေ လမ်းညွှန်ချက်နဲ့အညီ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က စတင်အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ပေမယ့် သက်ဆိုင်ရာအဖွဲ့တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းတာကြောင့် အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေး မအောင်မြင်ခဲ့ရတာလို့ ပြောဆိုတာတွေ ရှိပါတယ်။
အခုလို ပြောဆိုချက်တွေဟာ မဟုတ်မှန်ဘဲ ရေလုပ်ငန်းရှင်တွေအနေနဲ့ ပြည်တွင်းမှာ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေး ဖြစ်ပေါ်လာဖို့ လိုလားနေပြီး ငါးလေလံဈေး မအောင်မြင်ရတာဟာ ဒေသတွင်း လျှပ်စစ်မီတာခဈေးနှုန်း မြင့်တက်နေတဲ့အတွက် အအေးခန်း စက်ရုံ အလုံအလောက် မရှိတာ ငါးဖမ်းသင်္ဘောတွေ ဆိုက်ကပ်ဖို့ ဆိပ်ခံတံတားတွေ မလုံလောက်တာနဲ့ ပြည်ပ ဝယ်လိုအားဈေးကွက် မဖော်ဆောင်နိုင်တာတွေကြောင့် ဖြစ်တယ်လို့ ရေလုပ်ငန်းပိုင်ရှင်တဦးက ပြောပါတယ်။
အောင်ကျော်