မြေပုံမြို့နယ် မြေအိုးထုတ်လုပ်မှု ကျဆင်းလာ
DVB
·
November 3, 2019
ရခိုင်ပြည်နယ် မြေပုံမြို့နယ်ထဲက မြေအိုးလုပ်ငန်းတွေဟာ တိုက်ပွဲတွေဖြစ်ပွားနေတာနဲ့ ဝယ်သူလျော့နည်းလာတာကြောင့် မြေအိုးထုတ်လုပ်မှု ကျဆင်းလာတယ်လို့ နှစ်ပေါင်း ၃၀ ကျော်ကြာ မြေအိုး၊ စဉ့်အိုးလုပ်ငန်း လုပ်ကိုင်သူ ဦးမောင်ဝေတင်က ပြောပါတယ်။
“ဖိုင်ဘာပုံးတွေ ဝင်လာတော့ စဉ့်အိုးနေရာမှာ ဖိုင်ဘာပုံးက အစားထိုးဝယ်တယ်။ အဲဒီတော့ စဉ့်အိုးဝယ်တဲ့သူက နည်းပါးသွားတယ်။ ဟိုတုန်းကဆို မိုးတွင်းမှာ စဉ့်အိုးကိုပဲ အဓိကဝယ်ကြတယ်။ အခု ဖိုင်ဘာပုံးပဲ သုံးကြတော့ စဉ့်အိုး မသုံးတော့ဘူး။ အဲဒီတော့ အလိုလို အဝယ် ရပ်သွားတယ်။ စစ်ဘေး ငြိမ်းချမ်းသွားရင်တော့ ပြန်ပြီးကောင်းလာမယ် ထင်တာပဲလေ။ စစ် ငြိမ်းချမ်းသွားမှပဲ လူတွေက သွားလို့လာလို့ အဆင်ပြေမယ်။ ရောင်းလို့ ဝယ်လို့ အဆင်ပြေမယ်လေ။ အခုက မသွားရဲ မလာရဲကြဘူးလေ။”
မြေအိုးလုပ်ငန်းကို ၁၉၇၅ ခုနှစ်လောက်ပိုင်းက စတင်လုပ်ကိုင်လာခဲ့ပေမယ့် အဲဒီနောက်ပိုင်းမှာ လုပ်ငန်းခွင် အားကောင်းလာပေမယ့် ၂၀၁၅ ခုနှစ်ပိုင်းမှာတော့ အခြေအနေ လုံးဝ ဆိုးသွားတာလို့ ဆိုပါတယ်။
မြေအိုးလုပ်တဲ့ လုပ်သားတွေကလည်း အရင်ကထက် လျော့ကျသွားတာတွေကြောင့်လည်း အခက်အခဲဖြစ်နေကြတာလို့ မြေအိုးလုပ်ငန်းရှင် ဒေါ်မခင်ပုက ပြောပါတယ်။
“အလုပ်သမား မရှိဘူးဆိုတော့ ဆုံးရှုံးတာပေါ့။ အရင်ကဆိုရင် ဖောက်သည်တွေလည်း ရတယ်။ အလုပ်သမားတွေကလည်း မြေအိုးလုပ်ကြတယ်။ သောက်ရေအိုးလုပ်တဲ့သူက လုပ်ကြတယ်။ အရင်တုန်းကဆိုရင် စဉ့်အိုး စဉ့်ခွက်တွေ အကုန်လုပ်ကြတယ်။ အခုကတော့ ဒီလို မြေအိုး အရောင်းအဝယ်တွေ မရှိသလောက် နည်းပါးသွားတာပေါ့။ အခုက သောက်ရေအိုးတွေ၊ ပန်းအိုးတွေလောက်ပဲ လုပ်ကြတယ်” လို့ ပြောပါတယ်။
မြေးအိုးအစား ဖိုင်ဘာပုံး၊ ပလတ်စတစ်ပုံးတွေ ဝင်ရောက်လာတဲ့အတွက် အခုလို မြေအိုးတွေ အသုံးပြုတာ နည်းပါးလာတာ လို့ ဆိုပါတယ်။
ဒီမြေအိုးလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ ကျွမ်းကျင်လုပ်သားတယောက်ဟာ တနေ့ကို ၁၀၀၀၀ ကနေ ၁၅၀၀၀ အထိ ရရှိကြတယ်လို့ဆိုပါတယ်။
မြေအိုးတွေကို ရခိုင်ပြည်နယ် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း စစ်တွေ၊ ပေါက်တောမြို့နယ်တွေက မြေအိုးကုန်သည်တွေက မှာယူရောင်းချခဲ့ပြီးတော့ အခု သုံးပုံနှစ်ပုံလောက် လျော့ကျသွားတယ်လို့ ဆိုပါတယ်။
မြေအိုးလုပ်ငန်းကို အရင်က လုပ်ကိုင်နေတဲ့ အိမ်ထောင်စု ၄၀ နီးပါး လုပ်ကိုင်ခဲ့ပေမယ့် အခုအချိန်မှာတော့ မိသားစု ၁၀ စုလောက်သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။
ဝဏ္ဏခွာညို