ဂျပန်တွင် ရေကြီး မြေပြိုခြင်းကြောင့် ၁၀ ဦး သေဆုံး၊ ၃ ဦး ပျောက်ဆုံး
DVB
·
October 26, 2019
ဂျပန်နိုင်ငံ အရှေ့ပိုင်းမှာ မိုးကြီးတဲ့အရှိန်နဲ့ ရေကြီး မြေပြိုတာတွေကြောင့် အောက်တိုဘာလ ၂၆ ရက်နေ့မှာ သေဆုံးသူ ၁၀ ယောက်အထိ ရှိလာပြီး ၃ ယောက် ပျောက်ဆုံးနေတယ်လို့ NHK သတင်းမှာ ဖော်ပြပါတယ်။
အဲဒီဒေသဟာ လွန်ခဲ့တဲ့နှစ်ပတ်က တိုက်ဖွန်း ဟာဂီဘိစ်ဒဏ်ကိုလည်း ခံခဲ့ရပါတယ်။ အောက်တိုဘာလ ၂၅ ရက်နေ့က ချီဘာနဲ့ ဖူကူရှီးမား စီရင်စုက ရေဝပ်ဒေသတွေမှာ မြေပြိုတာတွေ ဖြစ်ခဲ့ပါတယ်။
လေဖိအားနည်းရပ်ဝန်းကြောင့် တချို့နေရာတွေမှာ ၁ လတာရွာတဲ့ မိုးရေချိန်က နေ့ဝက်အတွင်း ရွာခဲ့ပါတယ်။ ဒါကြောင့် လမ်းမတချို့ကို ပိတ်ခဲ့ရပြီး ချီဘာစီရင်စု ကာမိုဂါဝါ မြို့က အိမ်ထောင်စု ၄၇၀၀ ဝန်းကျင်ဟာ ရေမရရှိသေးဘူးလို့ ဆိုပါတယ်။
သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အစည်းဝေးမှာ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဒေသခံတွေအတွက် ထောက်ပံ့ရေး အမြန်ဆောင်ရွက်ပေးနေသလို ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း အစွမ်းကုန်လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။
တိုက်ဖွန်း ဟာဂီဘိစ်ကြောင့် တာပေါင်ကျိုးနေတဲ့ နေရာတွေမှာ နောက်ထပ် ရေကြီး မြေပြိုတာတွေ ဖြစ်နိုင်တယ်လို့လည်း အာဏာပိုင်တွေက သတိပေးထားပါတယ်။