ရွှေနဒီ အမြန်ရေယာဉ်ပေါ် လိုက်ပါလာသည့် ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရ
DVB
·
October 26, 2019
ရခိုင်ပြည်နယ် ဘူးသီးတောင်-စစ်တွေပြေးဆွဲနေတဲ့ ရွှေနဒီ အမြန်ရေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အေအေအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ တပ်မတော်က အတည်ပြုပြောပါတယ်။
ဒီနေ့ နေပြည်တော်က တပ်မတော်စစ်သမိုင်းပြတိုက်မှာ လုပ်နေတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားလိုက်တာပါ။
“ရဲယူနီဖောင်းလည်း ဝတ်မထားပါဘူး။ ရေယာဉ်ပေါ်မှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ ကျနော်တို့ သတင်းရရှိပါတယ်။ တချို့အရပ်သားတွေလည်း ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ သတင်းရရှိပါတယ်။ လူဦးရေနဲ့ သတင်းအတိအကျရရင်တော့ ကျနော်တို့ ထုတ်ပြန်ပေးပါ့မယ်။ ကျနော်တို့ သိရသလောက် ၁၁ နာရီခွဲလောက်မှာ ရေယာဉ်ကို ပြန်လွှတ်ပေးလိုက်ပြီလို့ ကြားတယ်။ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေဟာ မောင်တောမှာရှိတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ အလဲအပြောင်းလုပ်ကြတာ။ အဲဒီမှာ တာဝန်ထမ်းဆောင်ဖို့ သွားတာ ဖြစ်ပါတယ်။”
ဒီအမြန်ရေယာဉ်ဟာ အားလုံးအသုံးပြုနေတာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေ၊ တပ်မတော်သားတွေ သုံးစွဲတဲ့အခါမှာလည်း စစ်ဆင်ရေးအတွက် သုံးတာမဟုတ်ဘူးလို့ ပြောပါတယ်။
ရွှေနဒီ အမြန်ရေယာဉ်ဟာ ဒီနေ့မနက် ၆ နာရီ အချိန်လောက်က စစ်တွေဆိပ်ကမ်းကနေ ထွက်ခွာပြီး ရသေ့တောင်မြို့နယ်အလွန်မှာ ရက္ခိုင့်တပ်မတော် (အေအေ) က သေနတ်ပစ် တားဆီးရပ်တန့်ခိုင်းကာ အမြန်ရေယာဉ်မှာ ပါလာတဲ့ ရဲတပ်ဖွဲ့၀င်တွေကို ဖမ်းဆီးသွားတာလို့ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ အေအေဘက်ကိုတော့ ဆက်သွယ်မေးမြန်းလို့ မရရှိသေးပါဘူး။
ဓာတ်ပုံ - ကောင်းကောင်း