ဝ တပ်ဖွဲ့ ဖမ်းထားသည့် မူးယစ်ဆေးပြား ၄၉ သိန်းနှင့် တရားခံ ၉ ဦးအား လွှဲပြောင်း
DVB
·
October 26, 2019
ဝ မူးယစ်တိုက်ဖျက်ရေးအဖွဲ့က ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးပြား ၄၉ သိန်းနဲ့ တရားခံ ၉ ယောက်ကို တပ်မတော်ဆီ မနေ့က လွှဲပြောင်းအပ်နှံခဲ့ပါတယ်၊၊
ရှမ်းပြည်နယ်၊ မိုင်းတုံမြို့နယ်ရှိ UWSA တောင်ပိုင်းစစ်ဒေသ (၁၇၁) တပ်မဟာ(၇၇၅) ဟွေအောရွာမှာ စစ်ဗျူဟာအခြေချ မိုင်းတုံ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်နိုင်ဦးဆီ လွှဲပြောင်းအပ်နှံခဲ့တာပါ။
စစ်ဒေသ ၁၇၁ နိုင်ငံရေးမှူး ဦးအားဖူ ဦးဆောင်တဲ့ မူးယစ်တိုက်ဖျက်ရေးအဖွဲ့ဝင်တွေက မူးယစ်ဆေးဝါး ကြိုတင် သတင်းရရှိချက်အရ မြန်မာ-ထိုင်းနယ်စပ်နမ့် ယွန်းချောင်းဖျားနဲ့ လွယ်ထွေတောင်ကြောတဝိုက်မှာ ရက်ပေါင်း ၂၀ လောက် ကင်းပုန်းဝပ်ခဲ့ပြီး အောက်တိုဘာ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တွေမှာ မူးယစ်တပ်ဖွဲ့တွေနဲ့ ထိတွေပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ဖမ်းဆီးခဲ့တာလို့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) မှ ဦးအာဖူက ပြောပါတယ်။
UWSA က အောက်တိုဘာလအတွင်း မူးယစ်ဆေးဝါးမှောင်ခိုအဖွဲ့တွေထံကနေ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေပြာ ၄၉ သိန်း၊ ဘိန်းဖြူလို့ ယူဆရတဲ့ အဖြူရောင်အမှုန့် ၄ ဒဿမ ၈၁ ကီလိုဂရမ်လောက်၊ ဘိန်းမဲ ၂ ပိဿာလောက်၊ အမ် ၁၆ သေနတ်၁ လက်၊ ကျည်ကတ် ၃ ခု၊ ၅ ဒဿမ၅ ၆ ကျည် အတောင့် ၄၀၊ တစ်လုံးထိုး ၁၂ ဗို့လ်သေနတ် ၃ လက်နဲ့ ကျည်ကိုးတောင့်၊ ပစ္စတိုသေနတ် ၂ လက်နဲ့ တရားခံ ၉ ဦး ဖမ်းဆိးရမိခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးရမိသူတွေကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က), ၂၂(ခ), ၂၁ တို့အရ အမှုဖွင့်လှစ် အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။