Homeမြန်မာသတင်း
ပေါင်မြို့နယ် ကျွဲခြံရွာအတွင်း သေနတ်ပစ်ဖောက်ခဲ့သည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂ ဦးကို ဖမ်းဆီး
ပေါင်မြို့နယ် ကျွဲခြံရွာအတွင်း သေနတ်ပစ်ဖောက်ခဲ့သည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂ ဦးကို ဖမ်းဆီး
DVB
·
October 19, 2019
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာမှာ အောက်တိုဘာ ၁၉ ရက်နေ့၊ နေ့လယ်ပိုင်းက ကျေးရွာအတွင်း သေနတ်ပစ်ဖောက်ခဲ့တဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်ထွန်းက "သူတို့ ၂ ဦးက သူတို့ရဲ့ ဗိုလ်မှူးနဲ့အတူ လပတ် အစည်းအဝေးတက်ဖို့ လိုက်လာရာကနေ သူတို့ ဗိုလ်မှူးနေရာချပေးတဲ့ အိမ်မှာ တည်းခိုနေထိုင်နေတာပါ။ မနက်က တောလည်ထွက်မယ်ဆိုပြီး တည်းခိုတဲ့အိမ်ကနေ ထွက်သွားပြီး သောက်စားလာတယ်။ တည်းခိုအိမ်ပြန်ရာ လမ်းတလျှောက် ရန်ကုန်-မော်လမြိုင်လမ်းပေါ်မှာ မူးပြီးတော့ မိုးပေါ်ထောင်ပြီး သေနတ်ပစ်ဖောက်လာတာ။ သူတို့ ၂ ဦးကိုတော့ ရဲတပ်ဖွဲ့နဲ့ ပြည်သူနဲ့ ပူးပေါင်းဖမ်းဆီးနိုင်ခဲ့ပါတယ်။”
နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂ ဦးကို ကျည်မပါ MA 13 သေနတ်တစ်လက်၊ ကျည် ၁၇ တောင့်ပါ M 16 သေနတ်တလက်တို့နဲ့အတူ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
ဒေသခံကိုဖြိုးက "သူတို့ ၂ ယောက်က မနက်ပိုင်း အရက်ဆိုင်မှာဝင်သောက်ပြီး ပိုက်ဆံမရှင်းလို့ ဆိုင်ရှင်နဲ့ ပြဿနာဖြစ်ပြီး ဆိုင်အပြင်မှာ သေနတ် ၂ ချက်ဖောက်လိုက်တယ်။ ပြီးတော့ ဘုန်းကြီးကျောင်းထဲကိုဝင်ပြီး အဲ့မှာကစားနေတဲ့ကလေးတွေကို အတင်းဆွဲပြီး သေနတ်ပစ်ခိုင်းတယ်။ ကလေးတွေလည်း ကြောက်ကြောက်နဲ့ပစ်ရတာပေါ့။ ကလေးမိဘတွေကလည်း ထိတ်လန့်နေကြတာပေါ့ဗျာ" လို့ ဒီဗွီဘီကိုပြောပါတယ်။
သေနတ်ပစ်ဖောက်ခဲ့တဲ့သူ ၂ ဦးဟာ အမှတ် (၁၀၁၃) နယ်ခြားစောင့်တပ်၊ ကတိုက်ထိမြို့နယ်ခွဲ ကရင်ပြည်နယ်မှ တပ်ကြပ်အဆင့်ရှိ လှထွန်းနဲ့ တပ်သားအဆင့်ရှိ အောင်ဇေလင်း (ခ) သာပိုတို့ ဖြစ်တယ်လို့ သိရပါတယ်။
ကျေးရွာအတွင်း ဒေသခံပြည်သူတွေ စိုးရိမ်ထိတ်လန့်မှုဖြစ်အောင် သေနတ်ပစ်ဖောက်ခဲ့တဲ့သူ ၂ ဦးကို သက်ဆိုင်ရာအဖွဲ့အစည်းက ညနေ ၄ နာရီအချိန် ပြန်လည်ခေါ်ဆောင်သွားပြီး ဘယ်လို အရေးယူမှု ပြုလုပ်မယ် ဆိုတာတော့ မသိရသေးဘူး။
ယူမင်းစိုး