ရှင်ကိုးရှင် ဘုရားဖူးယာဉ်တစီး လမ်းဘေးမြောင်းထဲ ထိုးကျ၊ ၂ ဦး ဒဏ်ရာရ
DVB
·
October 12, 2019
တနင်္သာရီတိုင်း ရေး-ထား၀ယ် လမ်းမှာ ထားဝယ် ရှင်ကိုးရှင် ဘုရားဖူးလာတဲ့ မော်တော်ယာဉ်တစီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြောင်းထဲ ထိုးကျခဲ့လို့ အမျိုးသမီး ၂ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
TOYOTA HIACE အမျိုးအစား မော်တော်ယာဉ်မှာ အောက်တိုဘာ ၁၁ ရက်နေ့၊ နေ့လယ် ၁ နာရီကျော်က ရေး-ထား၀ယ်လမ်း မိုင်တိုင်အမှတ် ၅/၅ မိုင်ရှိ အောင်ဖြိုးပိုင် စက်သုံးဆီဆိုင်အနီးမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဓာတ်တိုင် ဝင်တိုက်ပြီးနောက် ရေမြောင်းအတွင်း ထိုးကျခဲ့တာလို့ ဒဏ်ရာရသူတွေကို ဆေးရုံပို့ပေးခဲ့တဲ့ ဇမ္ဗူသီရိ အရေးပေါ်လူနာတင်ယာဉ်အဖွဲ့မှ ဦးနိုင်မျိုးသွင်က ပြောပါတယ်။
“ထိခိုက်ဒဏ်ရာလောက်ပဲ။ ပြင်းထန်တာ မရှိဘူး၊ တယောက်က ခါးနာလို့ ဓာတ်မှန်ရိုက်ထားရတယ်။”
ဒဏ်ရာရသူ လူနာ ၂ ဦးကတော့ ဧရာ၀တီတိုင်း၊ လပ္ပတ္တာမြို့နဲ့ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တို့မှ ဖြစ်ပါတယ်။
ယာဉ်မဆင်မခြင်မောင်းနှင်တာကြောင့် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူကို ဒဏ်ရာရရှိစေသူ ယာဉ်မောင်း ဦးနေ၀င်းကို ထား၀ယ်မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။
သတင်း - တင့်လွင်