Home
မြန်မာသတင်း
ကော့ကရိတ်တွင် ဒီကေဘီ‌အေတပ်ရင်းမှူးတဦး သေနတ်ဖြင့် ပစ်သတ်ခံရ
DVB
·
October 6, 2019
DKBA General die by gun
ဒီကေဘီအေ အမှတ်-၉၀၉ တပ်ရင်းမှူး နေအိမ်အတွင်း အမည်မသိ သေနတ်သမားတဦးရဲ့ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ ကော့ကရိတ်မြို့ ဒီကေဘီအေ ဆက်ဆံရေးရုံးတာဝန်ခံက ဒီဗွီဘီကို အတည်ပြုပြောကြားပါတယ်။ ကော့ကရိတ်မြို့၊ အမှတ် ၁-ရပ်ကွက်၊ ချောင်းတောင်ကွက်သစ်-၂ လမ်းမှာ အောက်တိုဘာ ၅ ရက် ည ၇ နာရီခွဲက အမှတ်-၉၀၉ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောဝေ့ထူး နေအိမ်မှာ ထမင်းစားနေစဉ် အမည်မသိ သေနတ်သမားက အေကေ ၄၇ ရိုင်ဖယ်သေနတ်နဲ့ ၆ ချက် ပစ်ခတ်ခဲ့တဲ့အတွက် သေနတ်ထိမှန် သေဆုံးခဲ့တာပါ။ ဒီကေဘီအေ ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးကြီး စောကျော်သန်းဌေးက “ပစ်ခတ်မှုကိုတော့ စုံစမ်းတုန်းပဲ။ ရဲတပ်ဖွဲ့ကတော့ ဖြစ်တာ မြို့ထဲမှာဆိုတော့ ရပ်ကွက်တွေနဲ့ အားလုံး စုပေါင်းလုပ်ဆောင်ပြီးတော့ ညက လာပြီးတော့ ပြန်သွားတယ်။ ကျနော့်အနေနဲ့တော့ အသေးစိတ်တော့ မသိပါဘူး။ ဒီတပ်ရင်းမှူးက သူ ဟို(မြဝတီ)မှာ နေပြီးတော့ သူ့အလုပ်အကိုင်နဲ့သူ ရှိတယ်။ သူ့မိသားစုနဲ့သူ ရှိတယ်။ အဲဒါတွေလောက်ပဲ သိတယ်”လို့ ပြောပါတယ်။ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး သေဆုံးသူရဲ့ညီမဖြစ်သူက သေနတ်နဲ့ ပစ်ခတ်သွားသူကို ဉပဒေအရ အရေးယူပေးဖို့ တိုင်တန်းတဲ့အတွက် ကော့ကရိတ်မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ နဲ့အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကော့ကရိတ်မြို့မရဲစခန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ဆက်သွယ်မေးမြန်းဖို့ ပြောတာကြောင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ဆက်သွယ်မေးမြန်းရာမှာ သတင်းထုတ်ပြန်တဲ့အပိုင်း မဟုတ်တဲ့အတွက် ပြောဆိုပိုင်ခွင့် မရှိကြောင်းနဲ့ ပြည်နယ်ရုံးကို မေးမြန်းဖို့ ဖြေကြားခဲ့ပါတယ်။ သတင်း- ရဲမင်းခေါင်၊ ဓာတ်ပုံ-S. H . A
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024