မူးယစ်ဆေးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆာလဖျူရစ်အက်စစ်ပုံးများ သိမ်းဆည်းမိ
DVB
·
October 4, 2019
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်အတွင်း ၁၂ ဘီးယာဉ်တစီးပေါ်ကနေ မူးယစ်ဆေးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဆာလဖျူရစ်အက်စစ်အရည်တွေ ထည့်ထားတဲ့ပုံး ၄၅ ပုံး ပိုင်ရှင်မဲ့ သိမ်းဆည်းရမိတယ်လို့ တပ်မတော်က ထုတ်ပြန်ပါတယ်။
လုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေဟာ အောက်တိုဘာ ၃ ရက်နေ့ မနက် ၁ဝ နာရီ လောက်က နောင်ပန် ဘုန်းတော်ကြီးကျောင်း အနောက်ဘက် ကျေးရွာချင်းဆက် လမ်းပေါ်မှာ NISSAN အမျိုးအစား ၁၂ ဘီးယာဉ်တစီး ရပ်တန့်ထားတာကို မသင်္ကာဖွယ် တွေ့ရှိလို့ စစ်ဆေးရာမှ သိမ်းဆည်းရမိခဲ့တာပါ။
မူးယစ်ဆေးဝါး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဆာလဖျူရစ်အက်စစ် အရည်တွေ ထည့်ထားတဲ့ ဂါလန် ၅ဝ ဆံ့ အပြာရောင်ပလတ်စတစ်ပုံး ၄၅ ပုံး (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၉ဝဝ)ကို ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
သိမ်းဆည်းရမိတဲ့ ထိန်းချုပ်ဓာတုပစ္စည်းတွေအား လွိုင်လင်ခရိုင် မူးယစ်တပ်ဖွဲ့ကို လွှဲပြောင်းအပ်နှံခဲ့တယ်လို့ သိရပါတယ်။