မော်ချီးတွင် မိုးကြီး မြေပြို၊ နေအိမ်အချို့နှင့် လမ်းများ ပျက်စီး
နော်နိုရင်း
·
August 25, 2019
ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးဒေသမှာ မနေ့ညက မိုးသည်းသည်းထန်ထန် ရွာပြီး တောင်ကျချောင်းရေ တိုက်စားလို့ တချို့နေရာတွေမှာ မြေပြိုပြီး လူနေအိမ်တွေ၊ လမ်းတွေ ပျက်စီးခဲ့ပါတယ်။
မိုးများပြီး တောင်ကျရေတိုက်စားမှုကြောင့် လိုခါးလိုကွက်သစ် (ခေါ်) အောင်ချမ်းသာရပ်ကွက်နဲ့ တောင်ပေါ်ကြားလမ်းမှာ မြေသားနံရံ ပြိုကျမှု ရှိခဲ့ပါတယ်။
မြေပြိုကျတာကြောင့် ပြိုသွားတဲ့ လမ်းနေရာကို သွားလာနိုင်အောင် တာဝန်ရှိသူတွေက ရှင်းလင်းနေတယ်လို့ ဖားဆောင်းမြို့နယ် မဲဆန္ဒနယ်မြေအမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်ဆွေက ပြောပါတယ်။
“ဒီအောင်ချမ်းသာနဲ့ တောင်ပေါ်ကြား မြေသားလမ်းထိုးထားတာ။ လမ်းကြောင်းရအောင် နည်းနည်းလေး ချဲ့ထားတာ၊ ဒီချဲ့ထားတဲ့ဟာတွေက နည်းနည်းပဲ့ကျတာပေါ့။ အခုတော့ ကျနော်တို့ ဘူဒိုဇာတွေ စက်တွေနဲ့ ရှင်းနေတယ်လေ။”
ကွက်သစ်နဲ့ တောင်ပေါ်ကြားမှာ ရေတိုက်စားမှုကြောင့် နေအိမ် ၂ လုံး ပါသွားပေမယ့် ထိခိုက်သေဆုံးတာမရှိပါဘူး။
ဒါ့အပြင် အောက်ရွာဘက်မှာလည်း တောင်ကျချောင်းရေ တိုက်စားမှုနဲ့မြေပြိုမှုကြောင့် လူနေအိမ် ၁ လုံး ပြိုကျပျက်စီးခဲ့သလို ကားတစီးလည်း ပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိအချိန်ထိ ထိခိုက်သေဆုံးတာ မရှိပေမယ့် မိုးဆက်လက်ရွာသွန်းနေတဲ့အတွက် မြေထပ်ပြိုမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ လတ်တလော မြေပြိုမှု ဖြစ်ပွားတဲ့ နေရာတွေဟာ အန္တရာယ်ဇုန်လို့ သတ်မှတ်ထားတဲ့နေရာတွေလည်း ဖြစ်ပါတယ်။
သြဂုတ်လဆန်းပိုင်းကစပြီး မိုးအဆက်မပြတ် ရွာသွန်းမှုတွေကြောင့် ဖားဆောင်းမြို့နယ် မော်ချီးဒေသရှိ အန္တရာယ်ဇုန်အဖြစ် သတ်မှတ်ထားတဲ့နေရာတွေမှာ မြေပြိုမှုတွေ ဆက်တိုက်ဖြစ်နေ ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဖားဆောင်းမြို့နယ် မဲဆန္ဒနယ်မှ ဒေါ်နန်းထွေးသူက မောချီးဒေသ သတ္တုလုပ်ငန်းခွင်မှာ အန္တရာယ်ရှိတဲ့ လုပ်ငန်းတွေ ပိတ်သိမ်းပေးဖို့ မေးမြန်းခဲ့ပါတယ်။
ဒီမေးခွန်းနဲ့ပတ်သက်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအနေနဲ့ ပေါင်မုန့်တုံးပုံစံ ကျောက်တောင်နေရာတလျှောက် သတ္တုတူးဖော်တာ၊ လူနေထိုင်တာ မပြုဖို့ တားမြစ် ဆောင်ရွက်နေကြောင်းနဲ့ တနိုင်တပိုင် သတ္တုရှာဖွေ ထုတ်လုပ်တာတွေကို စစ်ဆေး ကြပ်မတ်နေတယ်လို့ ဖြေဆိုခဲ့ပါတယ်။
မော်ချီးသတ္တုတွင်းဒေသမှာ ပြီးခဲ့တဲ့ ၂၀၁၅ ခု အောက်တိုဘာလက မိုးကြီးပြီး မြေပြိုခဲ့တာကြောင့် လူ ၃၀ ခန့် သေဆုံးခဲ့ရပါတယ်။