ရွှေဘိုခရိုင်အတွင်း မိုးမရွာ၍ မိုးစပါးစိုက်တောင်သူများ စိုက်ပျိုးရေ အခက်ကြုံနေ
DVB
·
August 10, 2019
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်အတွင်းက ဝက်လက်၊ ရွှေဘို၊ ခင်ဦး၊ တန့်ဆည်နဲ့ ဒီပဲယင်းမြို့နယ်တွေက မိုးစပါးစိုက်လယ်သမားတွေဟာ အခုချိန်အထိ မိုးမရွာသွန်းသေးတာကြောင့် စိုက်ပျိုးရေအတွက် အခက်အခဲကြုံတွေ့နေကြပါတယ်။
သြဂုတ်လလယ်ပိုင်း လယ်စိုက်ချိန်ရောက်နေပြီဖြစ်ပေမယ့် စိုက်ပျိုးရေ အလုံအလောက်မရရှိတာကြောင့် လယ်သမားတွေဟာ လက်ရိုက်ပိုက်တွင်းတူးပြီး လောလောဆယ် အခက်အခဲ ဖြေရှင်နေကြရတယ်လို့ ဝက်လက်မြို့နယ် လယ်သမား ဦးဝင်းမြိုင်က ပြောပါတယ်။
ရွှေဘိုခရိုင်အတွင်းက လယ်ဧက ၄ သိန်းလောက်ဟာ သဖန်းဆိပ်ရေလှောင်တမံက ရေကို အဓိကအားထားနေရတာဖြစ်ပြီး သဖန်းဆိပ်ရေလှောင်တမံရဲ့ ရေဝင်ဧရိယာတွေမှာလည်း မိုးရွာသွန်းမှု နည်းပါးနေလို့ တမံရေအမှတ် တောက်လျှောက်ကျဆင်းနေတယ်လို့ သဖန်းဆိပ်တမံ ထိန်းသိမ်းရေးဦးစီးအရာရှိ ဦးသက်ဝေထွန်းကပြောပါတယ်။
လယ်ဧက ၅ သိန်းလောက် ရေပေးဝေဖို့ လျာထားခဲ့ပေမဲ့ လောလောဆယ် မိုးအခြေအနေအရ
ဧက အပြည့်အဝ ရေပေးဝေနိုင်ခြေမရှိဘူးလို့ ဆိုပါတယ်။
ခရိုင်ဆည်မြောင်းဦစီးဌာနအနေနဲ့ သက်ဆိုင်ရာမြို့နယ်ဆည်မြောင်းဌာန တွေနဲ့ချိတ်ဆက်ပြီး လယ်သမားတွေကို ရေအသုံးချမှု စနစ်တကျရှိစေဖို့ အသိပညာပေး လုပ်ငန်းတွေ လုပ်နေတယ်လို့ သိရပါတယ်။
တချိန်တည်းမှာပဲ တိုင်းနဲ့ပြည်နယ် ၃ ခုက မြို့နယ် ၁၂ ခုတို့မှာတော့ ရေကြီးရေလျှံမှုတွေ ဖြစ်နေပါတယ်။
၁၉၉၇/၉၈ ခုနှစ်တွေတုန်းကလည်း စစ်ကိုင်းတိုင်း မြို့နယ်အချို့မှာ အခုလို မိုးခေါင်တာမျိုး
ဖြစ်ခဲ့ဖူးတယ်လို့ သိရပါတယ်။
အောင်စံလင်း