Home
Lead Story
လွှတ်တော်က အစိုးရကို ငဲ့လွန်းသည် (အယ်ဒီတာအာဘော်)
DVB
·
July 29, 2019
Editorial
၁၃ ကြိမ်မြောက် ပြည်သူ၊ အမျိုးသားနှင့် ပြည်ထောင်စုလွှတ်တော် အသီးသီး၏ ပုံမှန် အစည်းအဝေးများကို ဇူလိုင်လလယ်ပိုင်းတွင် ပြန်လည် ကျင်းပခဲ့သည်။ ယခုအကြိမ် လွှတ်တော်များ စလျှင်စချင်း ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ၊ အစိုးရဘတ်ဂျက်ကိစ္စများက ရှေ့တန်းရောက်လာတာ တွေ့ရသည်။ အထူးသဖြင့် လာမည့် အောက်တိုဘာလတွင် စတင်မည့် အစိုးရဘတ်ဂျက် တောင်းခံထားမှုကို စိစစ်မည့်ကိစ္စက လွှတ်တော်ကိုယ်စားလှယ်များအတွက် အလုပ်များစေမည့် လွှတ်တော်ကာလတခု ဖြစ်သည်။ ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အချက်ပေါင်း ၃၇၆၅ ပါ အစီရင်ခံနှင့် စပ်လျဉ်းပြီး ဆွေးနွေးကြမည့် ကိုယ်စားလှယ်ပေါင်း ၁၂၀ ကျော်၏ ဆွေးနွေးချက်များကလည်း စောင့်ကြည့်စရာ ဖြစ်လာနေသည်။ လွှတ်တော်များ ပြန်လည်စတင်ပြီး များမကြာမီမှာပင် အရေးကြီးအဆို ၂ ခု ပယ်ချခံရသည့်သတင်း ထွက်ပေါ်လာတာလည်း ကြားသိလိုက်ရသည်။ တခုက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တင်မည့် မီတာခ တိုးမြှင့်ကောက်ခံရေးကို ဆိုင်းငံ့ထားရန် အရေးကြီးအဆို တင်သွင်းခွင့်မရဖြစ်ပြီး နောက်တခုက ရခိုင်နှင့် ချင်းပြည်နယ်က မြို့နယ် ၉ ခုတွင် အင်တာနက်ဖြတ်ထားခြင်းကို ပြန်လည်ခွင့်ပြုရန် အဆိုတင်သွင်းခြင်းတို့ ဖြစ်သည်။ ၁၃ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးများ ပြန်လည်စတင်ပြီ ဆိုကတည်းက အထက်ပါ ကိစ္စရပ် ၂ ခု လွှတ်တော်များထံ ရောက်လာမည်ဟု ခန့်မှန်းမိသလို ထင်သည့်အတိုင်း ရောက်လာခဲ့သည်။ လွှတ်တော်က ခွင့်မပြုဆိုသည့်အပိုင်းကို လှမ်းမျှော်ကြည့်မိရာ အစိုးရက ဆုံးဖြတ်လုပ်ကိုင်ထားပြီးဖြစ်၍ အစိုးရတရပ်အနေဖြင့် အကျပ်မတွေ့အောင် တင်ခွင့်မပြုခြင်း ဖြစ်နိုင်ဟု သုံးသပ်ရသည်။ သို့သော် တဖက်ကကြည့်လျှင်မူ မီတာခတိုးကောက်ခြင်း ဆိုင်းငံ့ပေးရန် အဆိုကို လွှတ်တော်တွင် တင်သွင်းခွင့်ပြုလျှင် အဘယ်အကြောင်းကြောင့် အစိုးရက မီတာခတိုးကောက် ဆိုသည်ကို လွှတ်တော်မှတဆင့် ပြည်သူက ရှင်းရှင်းလင်းလင်း သိသွားနိုင်သည်။ အလားတူ ရခိုင်တွင် အင်တာနက်ဖြတ်ထားရခြင်းသည် မည်သို့သောအကြောင်းကြောင့် ဖြစ်သည် ဆိုသည်ကိုလည်း လွှတ်တော်မှတဆင့် ပြည်သူက သတင်းရသွားနိုင်သည်။ ပြည်သူသိခွင့်ရလျှင် ပြည်သူက နားလည်ပေးနိုင်ပြီး အစိုးရအပေါ် စာနာမှုပေးနိုင်သလို ပြည်သူ့အသံ လွှတ်တော်အသံ ဆိုသည့်ဆောင်ပုဒ်လည်း သက်ဝင်သွားနိုင်သည်။ ယခုတော့ လွှတ်တော်များသည် အစိုးရ အကျပ်မတွေ့အောင်ဆိုသည့် တွေးမြင်ချက်များနှင့် အရေးကြီးအဆိုများကို ပယ်ချနေသည့်အတွက် လွှတ်တော်များသည် အစိုးရကို ငဲ့လွန်းသည်ဟု ဆိုလိုက်ချင်သည်။ အခြားတဖက်တွင်လည်း အန်အယ်လ်ဒီအစိုးရနှင့် အန်အယ်လ်ဒီလွှတ်တော် ဘာလုပ်လုပ် တင့်တယ်နေတော့သည်ဟု ဝေဖန်စရာလည်း ဖြစ်သည်။ ခေတ်စားနေသည့်စကားနှင့် ဆိုရလျှင်မူ ထိန်းကျောင်းခြင်းအနုပညာနှင့် ငဲ့ကွက်ခြင်းအနုပညာတို့ ရောထွေးယှက်တင်နေသည်ဟု ဆိုရပေမည်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013