Home
မြန်မာသတင်း
မြိတ်မြို့ ကမ်းနီးရေငါးဖမ်းလှေများ  ငါးဖမ်းရာသီအမီ လိုင်စင်ထုတ်ပေးရန် တောင်းဆို
DVB
·
July 25, 2019
ship2
ship
ship1
တနင်္သာရီတိုင်း မြိတ်ခရိုင်အတွင်း ကမ်းနီးငါးဖမ်းလှေတွေ ခေတ်နဲ့ မလျော်ညီတော့ဘဲ ရေလုပ်သားတွေအတွက် အန္တရာယ် ရှိလာနိုင်တာကြောင့် ပြင်ဆင်ချက် လုပ်ဆောင်ပေးဖို့နဲ့ ငါးဖမ်းရာသီအမီ လိုင်စင်ထုတ်ပေးဖို့ ရေလုပ်သားတွေက တောင်းဆိုခဲ့ကြပါတယ်။ မြိတ်မြို့ ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးမှာ ကမ်းနီးငါးဖမ်းလှေတွေ လိုင်စင်မရရှိသေးတဲ့အပေါ် ဌာနဆိုင်ရာတွေနဲ့ တံငါသည်တွေက ဇူလိုင် ၂၃ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီး အခုလို တောင်းဆိုခဲ့ကြတာပါ။ ပင်လယ်ပြင်အတွင်း ခွင့်ပြုထားတဲ့ ကမ်းနီးလှေတွေအတွက် မြင်းကောင်ရေ ၂၅ ကောင် အားရှိတဲ့ အင်ဂျင်နဲ့ လှေအရွယ်အစား ၃၀ ပေမှာ ခေတ်စနစ်နဲ့ မလျော်ညီတော့တဲ့အပြင် ရေလုပ်သားတွေအတွက် အန္တရာယ်ရှိလာနိုင်တာကြောင့် ပြင်ဆင်ချက်တွေ လုပ်ဆောင်ပေးဖို့ ရေလုပ်သားတွေက တောင်းဆိုခဲ့ပါတယ်။ "ကမ်းနီးရေလုပ်သားတွေအတွက် ဌာနကနေ သတ်မှတ်ထားတဲ့ မြင်းကောင်ရေ ၂၅ ကောင်နဲ့အလျားပေ ၃၀ ဆိုတာကမြေပြင်မှာ အဆင်မပြေတော့တဲ့ အနေထားဖြစ်လာတယ်။ ရေလုပ်သားတွေက လှေကို ပေ ၅၀၊ ၆၀ လောက်အထိ တိုးမြှင့်လာတယ်။ မြင်းကောင်ရေ ဆိုလည်း ၅၀ အထိ ဖြစ်လာတယ်။ လှိုင်းဒဏ်လေဒဏ်ခံနိုင်အောင် မြင်းကောင်ရေ တိုးလာတယ်။ ဌာန သတ်မှတ်ထားတဲ့ အရွယ်အစားနဲ့ မြင်းကောင်ရေထက်များလာတော့ လုပ်ငန်းလိုင်စင် မထုတ် ပေးတော့တဲ့ အနေအထားဖြစ်လာတယ်။ ရေလုပ်ငန်းတွေက လိုင်စင်မရှိလည်း ၀မ်းစာရေးအတွက် အရဲစွန့်ပြီး ပင်လယ်ပြင်ကို ထွက်နေကြရတယ်။ အဲဒီတော့ ပင်လယ်ပြင်စိုးမိုးရေး အဖွဲ့တွေရဲ့ ဖမ်းဆီးတာကို ခံနေရတယ်။ ၁၃ ရက်နေ့ လွှတ်တော်ပုံမှန်အစည်းအဝေးမှာ လောင်းလုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်က ကမ်းနီးရေလုပ်သားတွေကို ခေတ်စနစ်နဲ့လျော်ညီတဲ့ လုပ်ငန်း လိုင်စင်ထုတ်ပေးဖို့ မေးခွန်းမေးလာတယ်။ ၀န်ကြီးက ခရိုင် ၃ ခရိုင်မှာ ရှိတဲ့ ရေလုပ်သားတွေကို ဒေသရဲ့ ကိုက်ညီတဲ့စနစ်ကို တိုင်းအစိုးရက အတည်ပြုချက်ယူပြီး ပြည်ထောင်စုအစိုးရကို တင်ပြပေးမယ်လို့ ဖြေကြားခဲ့တယ်" လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်က ပြောပါတယ်။ မြိတ်ခရိုင်အတွင်း သတ်မှတ်ချက်နဲ့ကိုက်ညီတဲ့ ကမ်းနီးလှေတွေကို လိုင်စင်ထုတ်ပေးထား မှုမှာ ၂၀၁၉ ခုနှစ် ဇွန်လအထိ မြိတ်မြို့မှာ ၈၃၁ စီး၊ ကျွန်းစုမြို့နယ်မှာ ၂၄၄၅ စီး၊ ပုလောမြို့နယ်မှာ ၅၄၃ စီးရှိတယ်လို့ မြိတ်ခရိုင်ငါးဦးစီးမှူး ဦးလွှမ်းမိုးဇော်က ပြောပါတယ်။ တွေ့ဆုံပွဲမှာ ရေလုပ်သားတွေ၊ လုပ်ငန်းရှင်တွေက လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲ တွေကို တင်ပြဆွေးနွေးခဲ့ပြီး လိုင်စင်တွေကို လာမယ့် ငါးဖမ်းရာသီအမီ ထုတ်ပေးနိုင်ဖို့ တင်ပြတောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။ တိုင်းဒေသကြီးအစိုးရက ခွင့်ပြုပေးထားတဲ့ လိုင်စင်မှာ လှေအရွယ်အစား အလျား ၃၀ ပေနဲ့ မြင်းကောင်ရေ ၂၅ ကောင်ဖြစ်ပြီး ထပ်တိုးတောင်းပါက ပြည်ထောင်စုအစိုးရက ဆက်လက် ဆောင်ရွက်ပေးဖို့အတွက် အခုလို တောင်းဆိုကြတာလို့ သိရပါတယ်။ မြတ်ထွဋ် (မြိတ်)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013