စက်လှေတိမ်းမှောက် ပျောက်ဆုံးနေသည့် ၄ ယောက်မြောက် ကျောင်းသူအလောင်း တွေ့ရှိ
DVB
·
July 19, 2019
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ စက်လှေတိမ်းမှောက်ပြီး ရေနစ်ပျောက်ဆုံးနေတဲ့ လေးယောက်မြောက် ကျောင်းသူရဲ့ အလောင်းကို ဒီကနေ့တွေ့ ရှိခဲ့တယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်း ၁၀ နာရီကျော်လောက်က မင်းတုန်းမြို့နယ်၊ ပန်းတုန်းရွာ အနီးမင်းတုန်းချောင်းထဲမှာ တွေ့ခဲ့ရတာလို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအေးလှိုင်ဦးက ပြောပါတယ်။
စက်လှေတိမ်းမှောက်မှုကြောင့် ကျောင်းသူလေးဦး ပျောက်ဆုံးခဲ့တာဖြစ်ပြီး အသက် ၁၅ နှစ်အရွယ် ၉ တန်းကျောင်းသူတဦးကို ဇူလိုင် ၁၃ ရက်နေ့၊ အသက် ၁၂ နှစ်အရွယ် ၇ တန်းကျောင်းသူကို ဇူလိုင် ၁၄ ရက်နေ့နဲ့ နောက်ထပ် ၇ တန်းကျောင်းသူ အလောင်းကို ဇူလိုင် ၁၇ ရက်နေ့တွေက တွေ့ရှိခဲ့ပါတယ်။
ဇူလိုင် ၁၂ ရက်က မင်းတုန်းမြို့ အမှတ် ၁ ရပ်ကွက်နဲ့ မင်းတုန်းချောင်း အနောက်ဘက်ကမ်း ပေါက်ကိုင်းကျေးရွာကို လူ ၁၈ ဦး တင်ဆောင်လာတဲ့ စက်လှေမှာ မင်းတုန်းချောင်းနဲ့ မူးချောင်းအဆုံမှာ ရေစီးအားသန်လို့ တိမ်းမှောက်ခဲ့တာပါ။
သတင်း- ကိုလင်း(ချောက်)