စက်လှေတိမ်းမှောက် ပျောက်ဆုံးခဲ့သည့် တတိယမြောက်ကျောင်းသူအလောင်း တွေ့ရှိ
DVB
·
July 18, 2019
မကွေးတိုင်း မင်းတုန်းမြို့နယ်မှာ လူ၁၈ ဦးကို တင်ဆောင်လာတဲ့ စက်လှေ တိမ်းမှောက်လို့ ပျောက်ဆုံးနေတဲ့ ကျောင်းသူတွေထဲက တတိယမြောက်ကျောင်းသူ အလောင်းကို မနေ့က ထပ်မံတွေ့ခဲ့တယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
“စက်လှေတိမ်းမှောက်တဲ့ နေရာနဲ့ လေးမိုင်ခန့်အကွာ ဘူးတောင်းကျေးရွာအနီးက တွေ့ခဲ့တာပါ။ ကျန်တဲ့ ကလေးတဦးကိုတော့ အချိန်ကိုပဲ စောင့်ကြည့်ရတော့မှာပေါ့။ ကံမမြို့နယ်အထိ ဆက်သွယ်ထားတယ်။”
အခုတွေ့ရှိသူမှာ ပေါက်ကိုင်းအနောက်ကျေးရွာနေ အသက် ၁၃ နှစ်အရွယ် ၇ တန်းကျောင်းသူ မဇွန်ပွင့်ဖြူဖြစ်ပြီး ဇူလိုင်လ ၁၇ ရက်နေ့ ညနေပိုင်းက တွေ့ခဲ့တာလို့ သိရပါတယ်။
စက်လှေတိမ်းမှောက်မှုကြောင့် ပျောက်ဆုံးသွားသူတွေထဲက အသက် ၁၅ နှစ်အရွယ် ၉ တန်းကျောင်းသူ တဦးကို ဇူလိုင် ၁၃ ရက်နေ့က တွေ့ခဲ့ပြီး အသက် ၁၂ နှစ်အရွယ် ခုနှစ်တန်းကျောင်းသူကို ဇူလိုင် ၁၄ ရက်နေ့က သေဆုံးလျက်တွေ့ခဲ့တာပါ။
ဇူလိုင် ၁၂ ရက်နေ့က မင်းတုန်းမြို့ အမှတ် ၁ ရပ်ကွက်နဲ့ မင်းတုန်းချောင်း အနောက်ဘက်ကမ်း ပေါက်ကိုင်းကျေးရွာကို လူ ၁၈ ဦးတင်ဆောင် ပြေးဆွဲတဲ့ စက်လှေမှာ မင်းတုန်းချောင်းနဲ့ မူးချောင်း အဆုံမှာ ရေစီအားသန်လို့ တိမ်းမှောက်ခဲ့တာဖြစ်ပြီး ကျောင်းသူ ၄ ဦး ပျောက်ဆုံးခဲ့တာပါ။
သတင်း-ကိုလင်း(ချောက်)၊ ဓာတ်ပုံ -မင်းတုန်းပရဟိတ