H1N1 သံသယဖြင့် သေဆုံးသူ ၆ ဦးကို ပို့ဆောင်ကူညီပေးခဲ့ဟု နာကူအသင်းထုတ်ပြန်
DVB
·
June 27, 2019
ရာသီတုပ်ကွေး H1N1 သံသယနဲ့ သေဆုံးသူ ၆ ဦးအား ပို့ဆောင်ကူညီပေးခဲ့တယ်လို့ နာရေးကူညီမှုအသင်း (ရန်ကုန်) က ဒီနေ့ ထုတ်ပြန်ပါတယ်။
ဇွန် ၂၇ ရက်နေ့မှာလည်း ဟယ်လ်ပင် ကလေးဆေးရုံကြီးမှာ ရာသီတုပ်ကွေး H1N1 ကူးစက်ရောဂါနဲ့ ကွယ်လွန်သွားတဲ့ အသက် ၄ နှစ်အရွယ် ကလေးငယ် ကျား (၁) ဦးရဲ့ ရုပ်အလောင်းကို ထိန်ပင်သုဿာန်မီးသင်္ဂြိုဟ်စက်ကို (အခမဲ့) ပို့ဆောင်ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။
၂၀၁၉ ခုနှစ်၊ ဇွန်လအတွင်း ဖြစ်ပွားနေတဲ့ ရာသီတုပ်ကွေး H1N1 ကူးစက်ရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ သံသယရှိ ရုပ်အလောင်းတွေကို ကူညီပို့ဆောင်ပေးခဲ့တာ ဒီနေ့ ကလေးငယ်အပါအ၀င် ရုပ်အလောင်း ၆ လောင်းရှိပြီလို့ ဆိုပါတယ်။
ဇွန် ၂၆ ရက်နေ့အထိ H1N1 ရောဂါနဲ့ သေဆုံးသူ စုစုပေါင်း ၁၀ ဦးအထိ ရှိသွားပြီလို့ ကျန်းမာရေးဌာနက သိရပါတယ်။
H1N1 ရောဂါပိုး သံသယကြောင့် ပိုးရှိမရှိ စစ်ဆေးခဲ့သူ လူနာ ၁၈၉ ဦးထဲမှာ ရောဂါပိုးကူးစက်ခံရတဲ့ လူနာ ၃၅ ဦး ရှိတယ်လို့ ဆိုပါတယ်။