Home
မြန်မာသတင်း
ကိုနေမျိုးဇင်အမှု ရုံးပြောင်းလျှောက်ထားသည့်အတွက် မစစ်ဆေးဖြစ်
DVB
·
June 24, 2019
nmz
တပ်မတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)/(ခ)နဲ့ တရားစွဲခံထားရတဲ့ ကိုနေမျိုးဇင်ကို ဇွန်လ ၂၄ ရက်နေ့ ခြောက်ကြိမ်မြောက်ရုံးထုက်မှာ ရုံးပြောင်းလျှောက်ထားတဲ့အတွက် အမှု မစစ်ဆေးဖြစ်ဘူးလို့ သိရပါတယ်။ ရုံးပြောင်းလျှောက်ထားတဲ့အတွက် အမှုတွဲကို ခရိုင်တင်ပြထားပြီး ဆုံးဖြတ်ချက် မချသေးတဲ့အတွက် အမှုကို မစစ်ဆေးဖြစ်တာလို့ တိုက်ကြီးမြို့နယ် တရားသူကြီး ဦးစိုးထွန်းက ပြောပါတယ်။ “၂၄ ရက်နေ့ရုံးချိန်မှာ ရုံးပြောင်းဖို့လျှောက်တယ်၊ ၆ လပိုင်း ၆ ရက်နေ့က ခရိုင်ရုံးက အမှုတွဲဖိုင်တောင်းလို့ ပို့ထားတယ်။ ၂၀ ရက်နေ့က ခရိုင်ရုံးမှာ တခါစစ်ဆေးပြီးသွားပြီး ၇ လပိုင်း ၄ ရက်နေ့ကို ခရိုင်က နှစ်ဖတ်ကြားနာစစ်ဆေးမယ်လို့ သိရတယ်။ ဒါကြောင့် အမှုက မစစ်ဆေးဖြစ်ဘူး၊ နောက် ၇ ရက်နေ့ကို ရုံးချိန်း ပြန်ချိန်းလိုက်တယ်” လို့ ပြောပါတယ်။ ပြစ်မှုမြောက်မမြောက် စွဲချက်တင်နိုင်ဖို့ လုပ်ဆောင်နေတဲ့အချိန်တွေ ကြန့်ကြာနေတဲ့ အတွက် တိုင်းပြည်နစ်နာတယ်လို့ ကိုနေမျိုးဇင်ရဲ့ ညီဖြစ်သူ ကိုခင်မောင်ဌေးက ပြောပါတယ်။ “လက်ရှိအချိန်မှာ ပြစ်မှုမြောက်မမြောက်နဲ့ စွဲချက်တင်နိုင်ဖို့အတွက်ကို အချိန်တွေအများကြီး ကြန့်ကြာနေတဲ့အတွက် ပြည်သူတွေ အများကြီးနစ်နာပါတယ်။ အမှုကြန့်ကြာနေတဲ့အတွက် တရားဥပဒေစိုးမိုးမှုအပိုင်းမှာ ထိရောက်မှု မရှိသေးတာကို တွေ့ရတယ်။ လုပ်သင့်လုပ်ထိုက်တာကို မလုပ်ဘဲ ကျနော့်အစ်ကိုကိစ္စကို အာရုံစိုက်နေတဲ့အတွက် တိုင်းပြည်နစ်နာတယ်။ ကျနော့် အစ်ကို က လူမှုဖွံ့ဖြိုးတိုးတက်ရေးတွေ လုပ်နေတယ်။ အခုသူမရှိတော့ ကျနော်တို့လည်း နစ်နာတယ်။ ဝန်ထမ်းတွေမှာလည်း သူတို့တာဝန်တွေရှိနေလျက်နဲ့ အကိုကိစ္စကို လုပ်နေရတဲ့အတွက် တိုင်းပြည် နစ်နာတယ်။ မြန်မြန်ဆန်ဆန် လုပ်ဆောင်လို့ရလျက်သားနဲ့ တမင်သက်သက် အချိန်ကြန့်ကြာအောင် လုပ်နေတာကို တွေရတယ်။” ဧပြီလ ၁ ရက်က တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုထောက်ခံပွဲမှာ စာရေးဆရာ ထင်လင်းဦး၊ ကိုနေမျိုးဇင်နဲ့ ကိုနန္နအောင်(ခ) ကိုနေရဲတို့က ဟောပြောခဲ့ပြီး ဇွန်လ ၃ ရက်မှာတော့ တိုက်ကြီးမြို့ အမှတ်(၁) တပ်မတော် တန်းမြင့် လေ့ကျင်းရေးတပ်က ဒုဗိုလ်မှူးကြီးတိုးလင်းက တပ်မတော် အကြည်ညိုပျက်စေမှုနဲ့ တိုက်ကြီးမြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့တာပါ။ တရားစွဲခံထားရတဲ့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကတော့ ပြည်ထောင်စုမငြိမ်းချမ်းသေးသရွေ့၊ ပြည်သူချစ်တဲ့ တပ်မတော်မပေါ်ပေါက်သေးသရွေ့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ တရားရုံးက ပြန်အထွက်မှာ ပြောဆိုသွားပါတယ်။ သတင်း၊ဓာတ်ပုံ-မေသွယ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013