Home
မြန်မာသတင်း
တိုက်ပွဲဖြစ်နေသည့် ရခိုင်နှင့်ချင်း မြို့နယ် ၉ ခုတွင် အင်တာနက်လိုင်းများ ပြတ်တောက်
DVB
·
June 22, 2019
inter
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ချင်းပြည်နယ်တို့က မြို့နယ် ၉ ခုမှာ အင်တာနက်ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတယ်လို့ ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံ၊ ကျောက်တော်နဲ့ ချင်းပြည်နယ်က ပလက်ဝမြိုနယ်တို့ ပါဝင်ပြီး ဖုန်းပြောလို့ရပေမယ့် အင်တာနဲ့လိုင်း အသုံးပြုမရတာလို့ ဆိုပါတယ်။ အင်တာနက် အဆက်သွယ်ဖြတ်တောက်ခံထားရတဲ့အနက် မြန်မာနိုင်ငံမှာ လက်ရှိအသုံးပြုနေကြတဲ့ ဆက်သွယ်ရေးလိုင်းတွေဖြစ်တဲ့ MPT ၊ Oreedo ၊ Telenor နဲ့ Mytel စတဲ့ ဆက်သွယ်ရေးလိုင်းတွေ အကုန်လုံးပါဝင်ပါတယ်လို့ မင်းပြားမြို့နယ်၊ မင်းဖူးကျေးရွာမှာ စစ်ဘေးရှောင်တွေအရေးကို ဆောင်ရွက်ပေးနေတဲ့ ဦးမောင်ကျန်နုက ပြောပါတယ်။ “MPT မရ၊ Telenor မရ၊ Mytel လည်း မနေ့က ခဏလေးရခဲ့တယ်လို့ ပြောကြတယ်။ Oreedo လိုင်းလည်း မရဘူး။ ဖုန်းပြောလို့တော့ရတယ်။ အခက်ခဲကတော့ စစ်ဘေးရှောင်တွေကိုလည်း သတင်းဌာနတွေကို ပို့ပေးချင်တယ်။ အဆက်သွယ်ပြတ်နေတော့ အားနည်းချက် တွေရှိနေတယ်။” သက်ဆိုင်ရာ ဖုန်းအော်ပရိတ်တာတွေကတော့ အဲ့ဒီဒေသတွေအတွင်း ဒေတာနဲ့ အင်တာနက်ဝန်ဆောင်မှုတွေကို ယာယီရပ်ဆိုင်းဖို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားထားကြောင်းနဲ့ ဖုန်းခေါ်ခြင်းနဲ့ စာတိုဝန်ဆောင်မှုတွေကိုတော့ အရင်အတိုင်းရရှိ နေမယ်လို့ စာတိုပေးပို့ထားတာတွေ့ရပါတယ်။ အခုလို အင်တာနက်ဖြတ်တောက်ထားတာကြောင့် ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ကလည်း ဒေသတွင်းဖြစ်ပွားနေတဲ့ ကိစ္စရပ်တွေ အချိန်နဲ့ တပြေးညီသတင်းပေးပို့ဖို့ အခက်ခဲရှိနေပြီး ဒီလိုင်းတွေ ပိတ်ထားရတဲ့အကြောင်းအရင်းကိုလည်း သုံးစွဲနေတဲ့ ပြည်သူတွေကို ပွင့်ပွင့်လင်းလင်းထုတ်ပြန်ကြေညာဖို့လိုကြောင်း ပြောဆိုကြပါတယ်။ မြောက်ဦးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “ဘာကြောင့် ဒီလိုင်းတွေကို ပိတ်ထားလိုက်တယ်ဆိုတာကို ဒီသုံးစွဲနေတဲ့ ပြည်သူတွေကို ထိုက်သင့်ရာလေးဖြစ်ဖြစ် အသိပေးသင့်တယ်လို့ ကျနော်မြင်တယ်။ ဖြတ်တောက် လိုက်တာကတော့ဗျာ ပြည်သူ့ရေးရာဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်မရဘူး။ အချိန်နဲ့တပြေးညီ ကျနော်တို့ဒေသတွင်းမှာ ဘာတွေဖြစ်ပျက်နေတယ်။ ဘာတွေအခက်ခဲရှိနေတယ်ပေါ့နော်။ အဲဒါတွေကို ကျနော်တို့အနေနဲ့ အခက်ခဲရှိတယ်။”လို့ ပြောပါတယ်။ ဒါ့အပြင် အင်တာနက်အပေါ်မှီအားထားပြီး စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဈေးကွက်စနစ်တွေဟာလည်း အခုလို အင်တာနက်အဆက်သွယ် ဖြတ်တောက်ခံထားရတာကြောင့် အခက်ခဲဖြစ်ပေါ်နေကြပြီး ရခိုင်မြောက်ပိုင်းက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသခံတွေကြားမှာတော့ အခုလိုလုပ်တာဟာ သတင်းအမှောင်ချတဲ့ လုပ်ရပ်လို့ အင်တာနက်စာမျက်နှာတွေမှာ ပြောဆိုဝေဖန်မှုတွေ ရှိနေပါတယ်။ ရက္ခိုင့်တပ်တော်နဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲပြင်းထန်နေဆဲအချိန်မှာ အခုလို အင်တာနဲ့ အဆက်သွယ်ဖြတ်တောက်လိုက်တာကြောင့်လည်း ဒေခံတွေကတော့ စိုးရိမ်မှုတွေ မြင့်တက်နေကြပါတယ်။ သတင်း-ဝဏ္ဏခွာညို

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013