Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် ဝန်ထမ်းစည်းကမ်းဖြင့်မညီသည့် ထွေအုပ် ၂၅ ဦးကို အရေးယူထား
DVB
·
June 21, 2019
sk
အန်အယ်လ်ဒီ အစိုးရလက်ထက် ၂၀၁၆ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်၊ မေလကုန်အထိ စစ်ကိုင်းတိုင်းအတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အကျင့်ပျက်ဝန်ထမ်းတွေကို ရာထူးက ထုတ်ပယ်တာ၊ ဝန်ထမ်းအဖြစ်ကနေ ထုတ်ပစ်တာတွေကို ၂၅ ဦးထိ ပြုလုပ်ထားတယ်လို့ သိရပါတယ်။ အရေးယူခံရတဲ့ ဝန်ထမ်းတွေထဲမှာ အောက်ခြေ စာပို့၊ ရုံးအကူ၊ ရပ်ကျေးစာရေးကနေ ဒုတိယညွှန်ကြားရေးမှုးရာထူးအထိ ပါဝင်တယ်လို့ သိရပါတယ်။ “ဝန်ထမ်းစည်းမျဉ်းစည်းကမ်း ဥပဒေကို မလိုက်နာနိုင်ရင် အရေးယူတာတွေ ရှိပါတယ်။ အဂတိလိုက်စားမှုကို တိုင်တန်းခံရတာတွေလည်း ရှိပြီးတော့ ဝန်ထမ်းစည်းမျဉ်းအရ အရေးယူပါဆိုတာတွေလည်း ရှိပါတယ်” လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှုး ဦးတင်မောင်ဆွေက တိုင်းအစိုးရပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖြေကြားခဲ့ပါတယ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းပြုန်းတီးမှုစာရင်းတွေအရ ၂၀၁၆ ခုနှစ်အတွင်း ပင်လည်ဘူး၊ ဖောင်းပြင်၊ ကနီ၊ ကသာ၊ ရေဦး၊ ကလေး စတဲ့မြို့နယ်တွေက ထွေအုပ်ဝန်ထမ်း ၇ ဦးကို ရာထူးမှထုတ်ပယ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ တိုင်းဒေသကြီးရုံး၊ ကျွန်းလှမြို့နယ်၊ ရွှေဘိုခရိုင်၊ ယင်းမာပင်မြို့နယ်၊ နန်းယွန်းမြို့နယ်၊ စစ်ကိုင်းခရိုင် စတဲ့ရုံးတွေက ဝန်ထမ်း ၆ ဦးကို ရာထူးက ထုတ်ပယ်ခဲ့သလို မော်လိုက်ခရိုင်ရုံးနဲ့ မိုပိုင်းလွတ်မြို့ရုံးတို့က ဝန်ထမ်း ၂ ဦးကိုတော့ ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း တိုင်းဒေသကြီးရုံးက ၂ ဦးအပါအဝင် ကသာ၊ မော်လိုက်မြို့နယ်တွေက ၁ ဦးစီတို့ကို ရာထူးက ထုတ်ပယ်ခဲ့ပြီး အင်းတော်၊ စစ်ကိုင်းမြို့နယ်တွေက ဝန်ထမ်း ၂ ဦးကိုတော့ ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း မေလကုန်အထိ ဘုတလင်၊ ချောင်းဦးမြို့နယ်တွေက ၁ ဦးစီကို ရာထူးက ထုတ်ပယ်ကာ ချောင်းဦး၊ နန်းယွန်းမြို့နယ်က ၁ ဦးစီကိုလည်း ဝန်ထမ်းအဖြစ်က ထုတ်ပယ်ခဲ့ပါတယ်။ စုစုပေါင်းအနေနဲ့ ရာထူးကနေ ထုတ်ပယ်ခံရသူ ၁၉ ဦးနဲ့ ဝန်ထမ်းအဖြစ်က ထုတ်ပစ်ခံရသူ ၆ ဦး စုစုပေါင်း ၂၅ ဦးရှိခဲ့ပါတယ်။ အရေးယူခံရသူတွေထဲမှာ အဂတိကိစ္စကြောင့် တိုင်တန်းခံရတာတွေလည်း ပါတယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်းမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ညွှန်ကြားရေးမှုးချုပ်ကနေ စာပို့အဆင့်အထိ ဝန်ထမ်းအင်အား ၄၃၆၀ ဦးကို ခွင့်ပြုထားပြီး ၃၉၃၃ ဦးကို ခန့်ထားကာ ၄၂၇ ဦး လစ်လပ်နေတယ်လို့လည်း သိရပါတယ်။ ဝန်ထမ်းခန့်ထားမှုအနေနဲ့ ၈၀ ရာခိုင်နှုန်းကျော်ထိ ရှိပါတယ်။ ဒါ့အပြင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်အောက်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူး တွေကိုလည်း ၂၀၁၇ ခုနှစ် တတိယအကြိမ်ပြင်ဆင်တဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ဥပဒေအရ အစားထိုးပြင်ဆင်ပြောင်းလဲတာတွေ ပြုလုပ်ခဲ့ပါသေးတယ်။ ၂၀၁၇ ခုနှစ်မှာ ၂၀၁၀ ဦးခန့်ထားခဲ့ပြီး ၁၁ ဦးကို တာဝန်က ရပ်စဲတာ၊ မှတ်တမ်းတင်တာ၊ နှုတ်နဲ့သတိပေးတာ စတဲ့ အပြစ်ပေးအရေးယူတာတွေပြုလုပ်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ ၂၀၂၆ ဦးခန့်ထားကာ ၃ ဦးကို အရေးယူခဲ့ပြီး ၂၀၁၉ ခုနှစ်အတွင်းမှာတော့ လက်ရှိအချိန်ထိ ၇ ဦးကို အရေးယူထားတယ်လို့ သိရပါတယ်။ “လစ်လပ်ကတော့ အမြဲတမ်းရှိနေမှာပဲ။ မှုခင်းဖြစ်တာ၊ သေဆုံးတာ၊ မှုခင်းဖြစ်ပြီး အရေးယူခံရတာ၊ နုတ်ထွက်တာတွေ ရှိနေတဲ့အတွက် အားလုံးခန့်ထားပြီးဖြစ်ပေမယ့် လစ်လပ်တာတွေရှိနေမှာပါ။ ဒါကိုလည်း ရပ်ကျေးဥပဒေအတိုင်းပဲ ရွေးကောက်ပွဲလုပ်ပြီး ပြန်ပြီးရွေးချယ်နေပါတယ်။” လို့ တိုင်းအတွင်းရေးမှူးက ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၁ ခု၊ ခရိုင် ၁၀ ခရိုင်၊ မြို့နယ် ၃၇ မြို့နယ်၊ မြို့ ၁၃ မြို့၊ ရပ်ကွက် ၂၇၀၊ ကျေးရွာအုပ်စု ၁၇၅၆ အုပ်စု၊ ကျေးရွာ ၅၉၉၃ ရွာ၊ အိမ်ခြေ ၁၀၀၈၂၁၆ အိမ်နဲ့ လူဦးရေ ၅၄၄၀၆၆၈ ဦးရှိတယ်လို့ တိုင်းအစိုးရအဖွဲ့သတင်းတွေအရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013