Home
မြန်မာသတင်း
အေအေနှင့် ဆက်သွယ်သည်ဟု သံသယဖြင့် ဖမ်းဆီးခံထားရသူ ၅၀ ကျော်ကို ရုံးထုတ်
DVB
·
June 20, 2019
sdp
တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ)တို့ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက်ပိုင်း အေအေနဲ့ဆက်နွှယ်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးထားသူ  ၅၀ ကျော်ကို ဒီကနေ့ ဇွန်လ ၂၀ ရက်မှာ စစ်တွေမြို့နယ် တရားရုံးမှာ စုပေါင်းပြီး ရုံးထုတ်ခဲ့ပါတယ်။ ရုံးထုတ်တဲ့အခါမှာ သူတို့ဖမ်းဆီးထားတဲ့ ဖြစ်စဉ်တွေအလိုက် တဖွဲ့ချင်းစီရုံးထုတ်တာ ဖြစ်ပြီး မြောက်ဦးမြို့နယ် လက္ကာကျေးရွာဖြစ်စဉ်က အရပ်သား ၂၄ ဦး၊ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာဖြစ်စဉ်က ၈ ဦး၊ မြောက်ဦးမြို့နယ် အောက်သားကန်ဖြစ်စဉ်က ၅ ဦး၊ ကျောက်တော်မှာ ကားနဲ့သွားစဉ်အဖမ်းခံခဲ့ရတဲ့ သံဃာတော် ၂ ပါးနဲ့ အရပ်သား ၃ ဦး ရုံးထုတ်ခဲ့ ပါတယ်။ ဒါ့အပြင်မြောက်ဦးမြို့နယ် ကျောင်းတောင်၊ ချောင်းသစ်၊ အောင်မင်္ဂလာ၊ မင်းပြားမြို့နယ် အိုင်ဝမ်း၊ စစ်တွေမြို့နယ် ကျောက်တန်းစတဲ့ ကျေးရွာတွေက ၁၂ ဦးတို့ကိုလည်း ဒီကနေ့ ရုံးထုတ်ခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရသူတချို့ဟာ အကြမ်းဖက်တိုက်ဖျက်မှု ဥပဒေပုဒ်မ ၅၀(က) ၅၀ (ဈ) နဲ့ စတဲ့ ပုဒ်မတွေနဲ့ ဖမ်းဆီးခံထားကြရတာလို့ မိသားစုဝင်တွေရဲ့ ပြောကြားချက်အရသိရပါတယ်။ အဲဒီထဲကတချို့ကို စစ်တွေမြို့နယ် တရားရုံးက အချုပ်သားဆောင်မှာ ညနေပိုင်းအထိ ချုပ်လှောင်ထားပေမဲ့ တချို့ကိုတော့ ရမန်ယူကာ ထိန်းသိန်းခံထားရတဲ့ စစ်တွေမြို့မစခန်းကို ချက်ချင်းပြန်ပို့ခဲ့ပါတယ်။ အဲဒီအထဲက လက္ကာဖြစ်စဉ်မှာ ဖမ်းဆီးခံရသူတွေထဲမှာ တချို့ဟာ ကျန်းမာရေး အခြေအနေ တွေဆိုးရွားနေတာကြောင့် မိသားစုဝင်တွေက ဆေးကုသခွင့်ပေးဖို့ တောင်းဆိုကြပါတယ်။ ဒါ့အပြင်ကျောင်းဖွင့်ရာသီဖြစ်တဲ့အတွက် ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို အပြစ်မရှိက လွှတ်ပေးဖို့ စတဲ့အချက်တွေကို အဲဒီရုံးထုတ်မှာတောင်းဆိုခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ခပ်စိတ်စိတ်ဖြစ်လာပြီး နောက်ပိုင်း အရပ်သားတွေ မိုင်းထိ၊ လက်နက်ကြီးကျတာတွေကြောင့် သေဆုံးဒဏ်ရာရတာတွေရှိသလို ဖြစ်စဉ်တွေအတွင်း သံသယနဲ့ ဖမ်းဆီးခံရမှုတွေလည်း မြင့်တက် လာပါတယ်။ ဒါ့အပြင် အဲ့ဒီတိုက်ပွဲတွေကြောင့် အရပ်သားပြည်သူ ၄၆၀၀၀ ကျော်ဟာလည်း နေရပ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013