တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် မွန်ပြည်နယ်က အောင်ချက် ပထမရရှိ
DVB
·
June 8, 2019
၂၀၁၉ ခုနှစ်ရဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ မွန်ပြည်နယ်ဟာ တနိုင်ငံတလုံးမှာ အောင်ချက် ပထမ ရရှိသွားပါတယ်။
မွန်ပြည်နယ်ဟာ အခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ဖြေဆိုသူ ၂၈၀၀၀ ကျော်မှာ ၁၀၀၀၀ ကျော် အောင်မြင်ခဲ့ပြီး ရာခိုင်နှုန်းအနေနဲ့ ၃၇ ဒသမ ၅၄ ရာခိုင်နှုန်းနဲ့ အောင်ချက် ပထမ ရရှိသွားတာပါ။
ဒီနှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ မေးခွန်းပုံစံ အပြောင်းအလဲထားပေမယ့် အောင်ချက်ဟာ အရင်ထက် ပိုတက်လာတယ်လို့ မော်လမြိုင် အထက (၉) ကျောင်းအုပ်ကြီး ဒေါ်မိမိခိုင်က ပြောပါတယ်။
ဒီနှစ်ရဲ့ တိုင်းနဲ့ ပြည်နယ်အလိုက် အောင်ချက် အများဆုံးရရှိမှုမှာတော့ မွန်ပြည်နယ်က ၃၇ ဒသမ ၅၄ ရာခိုင်နှုန်းနဲ့ ပထမ၊ မန္တလေးတိုင်းက ၃၆ ဒသမ ၁၃ ရာခိုင်နှုန်းနဲ့ ဒုတိယ၊ စစ်ကိုင်းတိုင်း ၃၄ ဒသမ ၁၅ ရာခိုင်နှုန်းနဲ့ တတိယ အသီးသီးရရှိခဲ့ပြီး ချင်းပြည်နယ်ကတော့ မြန်မာတနိုင်ငံလုံးမှာ ၁၉ ဒသမ ၅၉ ရာခိုင်နှုန်းသာ အောင်မြင်ခဲ့တာ ဖြစ်လို့ အောင်ချက် အနည်းဆုံး ဖြစ်သွားခဲ့တာပါ။
ဒီနှစ်ရဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာတော့ မြန်မာနိုင်ငံတစ်ခုလုံး အတိုင်းအတာ အနေနဲ့ ဖြေဆိုသူ ၈ သိန်းကျော်မှာ ၂၆၀၀၀၀ ကျော် အောင်မြင်ခဲ့ပြီး၊ ရာခိုင်နှုန်းအားဖြင့် ၃၁ ဒသမ ၄၄ ရာခိုင်နှုန်း အောင်မြင်ခဲ့တာပါ။
၂၀၁၈-၂၀၁၉ ခုနှစ် မတ်လအတွင်းမှာ ကျင်းပစစ်ဆေးခဲ့တဲ့ တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းတွေကို ဒီနေ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။